ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ခံမှု ရှိရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောင်းဆို 

By BSS News
25 August 2023
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ခံမှု ရှိရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တောင်းဆို 

ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်၏ လူမျိုးတုံးအောင် တိုက်ခိုက်မှုများ ခြောက်နှစ်ပြည့်၌ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ရိုဟင်ဂျာအရေးအား မျက်ကွယ်ပြုထားသည်များ အဆုံးသတ်ရေးနှင့် ထို အကြမ်းဖက်မှုများအား စီစဉ်သူနှင့် ကျူးလွန်သူများအား တာဝန်ခံစေရေးအတွက် ကမ္ဘာ့ခေါင်းဆောင်များအား တိုက်တွန်းလိုက်သည်။ 

“လူမျိုးတုံး သတ်ဖြတ်မှုကို ဦးဆောင်တဲ့ မင်းအောင်လှိုင်ဟာ လက်ရှိမှာ မြန်မာနိုင်ငံ တနံတလျား အရပ်သားတွေကို တိုက်ခိုက်နေတဲ့ တရားမဝင် စစ်အာဏာသိမ်းအုပ်စုရဲ့ အကြီးအကဲ ဖြစ်နေတယ်၊ သူ့ကို တရားစီရင်မှုဆီ ဆောင်ကြဉ်းရမှာ ဖြစ်သလို သူ့ရဲ့ ရာဇဝတ်မှုတွေအတွက် အဖြေပေးခိုင်းရမှာ ဖြစ်တယ်”ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးက ပြောသည်။ 

၂၀၁၇ ဩဂုတ် ၂၅ ရက်က မြန်မာစစ်တပ်သည် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ရိုဟင်ဂျာများအား ၎င်းတို့၏ နေရပ်အား စွန့်ခွာထွက်ပြေးအောင် အကြီးစားထိုးစစ်ဆင် တိုက်ခိုက်မှုများ ကျူးလွန်ခဲ့သည်။ 

ယင်းနောက် သီတင်းပတ်များ၌ စစ်သားများက ရိုဟင်ဂျာအရပ်သားများအား သတ်ဖြတ်ခြင်း၊ အဓမ္မ ပြုကျင့်ခြင်းနှင့် နှိပ်စက်ညှဥ်းပန်းခြင်းများအပြင် ဒေသတလွှား၌ ရိုဟင်ဂျာကျေးရွာများကို မီးရှို့ဖျက်ဆီးကြသည်။ 

ရိုဟင်ဂျာ ၇၀၀,၀၀၀ ကျော်ထက်မနည်းသည် အသက်ဘေးအတွက် နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ မြန်မာစစ်တပ်ကမူ ရိုဟင်ဂျာ စစ်သွေးကြွများနှင့် အကြမ်းဖက်များကို တိုက်ရိုက်ပစ်မှတ်ထားသော “ရှင်းလင်းရေးစစ်ဆင်မှု” လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု အတည်ပြုဆိုသော်လည်း စစ်တပ်၏ ရက်စက်ယုတ်မာသော တိုက်ခိုက်မှုများ၌ ရိုဟင်ဂျာအရပ်သားများ ပစ်မှတ်ထားခံခဲ့ရသည်။ 

လွန်ခဲ့သော ခြောက်နှစ်က ရိုဟင်ဂျာများကို တိုက်ခိုက်မှုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုအရာ မြောက်ကြောင်း အင်ဒရူးက ပြောပြီး ယင်း ရာဇဝတ်မှုများက ကမ္ဘာကို ခြောက်ခြားစေကာ နိုင်ငံတကာ အရေးယူမှုကို လှုံ့ဆော်ပေးကြောင်း ဆိုသည်။ 

“ရိုဟင်ဂျာတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှု ရှိဖို့ ပြတ်သားတဲ့ အရေးယူမှု မရှိဘဲ နောက်ထပ်တနှစ်ကို ကျွန်တော်တို့ မဖြတ်သန်းနိုင်ဘူး”ဟု ၎င်းက ဆိုသည်။ 

နေရပ်မှ ဖယ်ထုတ်ခြင်း၊ မိသားစုများ ကွဲကွာရခြင်းနှင့် ထောင်ပေါင်းများစွာ သေဆုံးပြီး လူများစွာ အကြောက်တရား ဖုံးလွှမ်းခဲ့ရသော အကြမ်းဖက်မှုများတွက် ရိုဟင်ဂျာများသည် တရားမျှတမှုနှင့် ထိုက်တန်ကြောင်း ထုတ်ပြန်ချက်၌ ၎င်းက ဆိုထားသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required