မြန်မာနိုင်ငံက လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးကို အီးယူ အကဲဖြတ်နေ 

မြန်မာနိုင်ငံက လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးကို အီးယူ အကဲဖြတ်နေ 
The European Union has initiated an assessment of the human and labor rights in Myanmar, which as opened a door to a trade preferences review.  (Fox News)

ဥရောပသမဂ္ဂ အီးယူသည် မြန်မာနိုင်ငံက လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးကို အကဲဖြတ်လျက် ရှိနေပြီဟု ဥရောပကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူတဦးက ကြာသပတေးနေ့တွင် ပြောရာ ယင်းသည် မြန်မာနိုင်ငံအား ပေးအပ်ထားသည့် ကုန်သွယ်ရေး ဦးစားပေးမှုကို အပြောင်းအလဲ ဖြစ်လာစေနိုင်သော လမ်းကြောင်း ဖွင့်လှစ်လိုက်ခြင်းပဲ ဖြစ်သည်။ 

အီးယူ၏ “လက်နက်မှတပါး အရာအားလုံး” EBA အစီအစဉ်သည် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံ အနည်းဆုံး ၄၇ နိုင်ငံမှ လက်နက်နှင့် ခဲယမ်းမီးကျောက်မှ လွဲ၍ အီးယူသို့ တင်သွင်းသည့် ကုန်စည်မှန်သမျှအပေါ် သွင်းကုန်ခွန် လွတ်ငြိမ်းခွင့် ပေးထားခြင်း ဖြစ်သည်။ 

ဆင်းရဲသော မြန်မာနိုင်ငံအတွက် အဓိကလုပ်သားရင်းမြစ်ဖြစ်သော အထည်ချုပ်လုပ်ငန်းမှ Adidas၊ H&M နှင့် Zara တံဆိပ်ကို ပိုင်သော Inditex တို့အပါအဝင် အဓိက ဥရောပတံဆိပ် အဝတ်အစားများကို တင်ပို့နေခြင်း ဖြစ်သည်။  

သို့ရာတွင် အာဏာသိမ်း စစ်ကောင်စီက ကုန်သွယ်ရေးသမဂ္ဂ ခေါင်းဆောင်များကို ဖမ်းဆီးပြီး အလုပ်သမား မတော်တရားပြုကျင့်ခြင်းများ များစွာ ဖြစ်ပွားပေါ်ပေါက်နေရာ  မြန်မာနိုင်ငံမှ ထုတ်လုပ်မှုကို ရပ်တန့်မည်ဟု H&M နှင့် Inditex တို့သည် မကြာသေးခင်က ပြောဆိုထားသည်။  

“EBA မူဘောင်အတွင်း မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေးတွေကို အီးယူက လက်ရှိမှာ အကဲဖြတ်နေပါပြီ”ဟု ကော်မရှင်ပြောခွင့်ရသူက ရိုက်တာ၏ မေးမြန်းမှုကို အီးမေးလ်မှတဆင့် ဖြေဆိုသည်။ 

“ဒါကြောင့်မို့ အီးယူအနေနဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်သွားပြီး လိုအပ်တဲ့ မူဝါဒတွေ ချမှတ်ဖို့ ရှိပါတယ်”ဟု ယင်း ပြောခွင့်ရသူက ဆိုသည်။ 

EBA အစီအစဉ်အားဖြင့် မြန်မာနိုင်ငံတွင် အမျိုးသမီးအများစုဖြစ်သည့် ခုခံအားနည်းသော အလုပ်သမား ထောင်ပေါင်းများစွာ၏ စားဝတ်နေရေးကို ကူညီထောက်ပံ့ထားသည်ဟုလည်း ၎င်းက ထပ်လောင်းပြောသည်။ 

အီးယူသည် ၂၀၁၃ မှစတင်ကာ မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံများ၌ အလုပ်သမား အခြေအနေများ တိုးတက်ကောင်းမွန်ရေးကို ရည်ရွယ်ပြီး စီးမံကိန်းများကို ရန်ပုံငွေ ထောက်ပံ့ပေးထားသည်။  

မြန်မာနိုင်ငံတွင် ၂၀၂၁ ဖေဖော်ဝါရီ၌ စစ်တပ်က အာဏာသိမ်းချိန်မှစကာ နိုင်ငံသည် နိုင်ငံရေးနှင့် လူသားချင်း စာနာထောက်ထားရေး အကျပ်အတည်း ဆိုက်လျက် ရှိနေသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly