စစ်ကောင်စီက ထုတ်ဝေတဲ့  နှစ်သောင်းတန် ငွေစက္ကူများကို သုံးစွဲခြင်းမပြုရန် NUG က တားမြစ်မိန့်  ထုတ်ပြန်

By မဇ္ဈိမ 
25 August 2023
စစ်ကောင်စီက ထုတ်ဝေတဲ့  နှစ်သောင်းတန် ငွေစက္ကူများကို သုံးစွဲခြင်းမပြုရန် NUG က တားမြစ်မိန့်  ထုတ်ပြန်

ပုဂ္ဂလိကဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတွင် စစ်ကောင်စီထုတ်နှစ်သောင်းတန်များ အသုံးမပြုရန် နှင့် အသုံးပြုပါက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အပြစ်ပေးအရေးယူမည်ဟု NUG အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ကထုတ်ပြန်သည်။ 

အမျိုးသားညီညွတ်ရေးအစိုးရNUGရဲ့  အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟို အဖွဲ့ သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ အခန်း ၁၂ တွင် ဖော်ပြထားသော အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများ အား တားဆီး နှိမ်နှင်း ရန်ရည်ရွယ်၍ အကြမ်ဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ထိုအမိန့်ကို ထုတ်ပြန် ကြေညာလိုက်သည်ဟု သိရှိရသည်။

စစ်ကောင်စီထုတ်နှစ်သောင်းတန်ငွေစက္ကုများကိုတရားမဝင်ငွေစက္ကူများအဖြစ်NUGကြားကာလဗဟိုဘဏ်က ထုတ်ပြန်ကြေညာပြီးဖြစ်၍ ထိုငွေစက္ကူများကို လက်ဝယ်ထားရှိခြင်း၊အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် တနည်းနည်းဖြင့် လွှဲပြောင်းခြင်းတို့သည့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုပြစ်မှုကျူးလွန်ရာရောက်သောကြောင့်ဖြစ်သည်ဟု အထက်ပါအဖွဲ့ကဆိုသည်။ 

ပြည်သူများအနေဖြင့် တရားမဝင်နှစ်သောင်းတန် ငွေစက္ကူများကို ငွေကြေးလည်ပတ်မှု တွင် အသိအမှတ်ပြုလက်ခံ သုံးစွဲသော ဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား အထောက်အထားနှင့် တကွ အသိပေးတိုင်ကြားကြပါရန် နှိုးဆော်တိုက်တွန်းထားပြီး  တားမြစ်မိန့်ကို လိုက်နာ ဆောင် ရွက်ခြင်းမရှိပါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့် အညီ တားဆီးနှိမ်နှင်းအပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။ 

စစ်ကောင်စီသည် နှစ်သောင်းတန်ငွေစက္ကူများကိုထုတ်ဝေမည်ဖြစ်ကြောင်းဇူလိုင် ၂၃ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ 

ထိုကြေညာအချက်အပြီး နိုင်ငံအတွင်း ကျပ်ငွေတန်ဖိုးထိုးကျကာ  တစ်ဒေါ်လာလျှင်ကျပ် ၄၀၀၀ ၊ ရွှေတစ်ကျပ်သားကျပ်သိန်း ၄၀ အထိမြင့်တက်ခဲ့ကာ အထွေထွေစားသောက်ကုန်ဈေးနှုန်းများလည်း တရှိန်ထိုးမြင့်တက်လာသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly