ကုလလုံခြုံရေးကောင်စီမှာ မြန်မာအရေး တံခါးပိတ်ဆွေးနွေးမှုပြုလုပ်ပြီးနောက် ပူးတွဲကြေညာချက်ထုတ်ပြန်

By မဇ္ဈိမ 
25 August 2023
ကုလလုံခြုံရေးကောင်စီမှာ မြန်မာအရေး တံခါးပိတ်ဆွေးနွေးမှုပြုလုပ်ပြီးနောက် ပူးတွဲကြေညာချက်ထုတ်ပြန်

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာအရေးကို တံခါးပိတ်ဆွေးနွေးမှုတစ်ရပ် ယမန်နေ့က ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။

ဩဂုတ်လ ၂၃ရက်နေ့က ကုလလုံခြုံရေးကောင်စီမှာ မြန်မာအရေးကို တံခါးပိတ်ဆွေးနွေးခဲ့ပြီးနောက် တရုတ်နဲ့ ရုရှားကလွဲပြီး ကျန် ၁၃နိုင်ငံက ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မြန်မာ့အရေး ငြိမ်းချမ်းသောအဖြေတစ်ခုရှာဖို့၊ အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံဖို့နဲ့ လုံခြုံရေးကောင်စီမှာ ဖြစ်နိုင်ဖွယ်နည်းလမ်းအားလုံး အသုံးချဖို့ စတဲ့ကတိကဝတ်တွေ မီးမောင်းထိုးပြရာမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ ဝင် ၁၂ နိုင်ငံနဲ့ ပူးပေါင်းရတဲ့အတွက် အမေရိကန်နိုင်ငံက စိတ်ကျေနပ်ရတယ်လို့ အမေရိကန်သံအမတ်ကြီး သောမတ်လင်ဒါဂရင်းဖီးက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ၊ လူနေဧရိယာတွေမှာ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခြင်းအားဖြင့် စစ်ကောင် စီဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ စဉ်ဆက်မပြတ် ပြုလုပ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အ ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီးရဲ့ အစီရင်ခံစာက ဖော်ပြပါတယ်။

ဒီလို လုပ်ဆောင်မှုကြောင့် စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်ကျော် ကာလအတွင်း လူပေါင်း ၁.၆ သန်း ကျော်လောက် အစုလိုက် အိုးအိမ်ရွှေ့ပြောင်းမှုတွေတွေ့လာရတာပါ။

လူ့အခွင့်ရေးကောင်စီက လုပ်ပိုင်ခွင့်ပေးထားတဲ့ မြန်မာဆိုင်ရာ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ IIMM ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာမှာလည်း မြန်မာစစ်ကောင်စီရဲ့စစ်တပ်နဲ့ ဆက်နွယ်နေတဲ့လက်နက်ကိုင်အဖွဲ့တွေဟာ အရပ်သားနေထိုင်ရာနေရာတွေကို အင်အားအလွန်အကျွံသုံးပြီး ဘာမှခွဲခြားမနေဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာအပါအဝင် စစ်ရာဇဝတ်မှုတွေကို မရှက်မကြောက် တိုးပြီး ကျူးလွန်နေကြောင်း ခိုင်လုံတဲ့ အထောက်ထားတွေ ရှိနေပါတယ်။

ခေါင်းမာမာနဲ့ လူ့အခွင့်ရေးချိုးဖေါက်နေတဲ့ စစ်အာဏာရှင်ကို လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ မှာဖေါ်ပြထားတာ ထက်ပိုတဲ့ အရေးယူမှုတွေ လုပ်ဖို့ အချိန်ရောက်နေပါပြီလို့ သောမတ် လင်ဒါဂရင်းဖီးကဆိုပါတယ်။

ယခုလအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌအနေနဲ့ လူ့အခွင့်အရေးဟာ အမေရိကန်နိုင်ငံရဲ့ ဉီးစားပေး နိုင်ငံခြားရေးမူဝါဒဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို အပြည့်အဝ အလေးထားဖို့ ထိုက်တန်တယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါကြေညာချက်ထဲမှာ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ရန်၊ အာဆီယံဘုံ သဘောတူညီချက် အကောင် အထည်ဖော်ရန်နဲ့ မြန်မာအပေါ် ချမှတ်ထားသော ဆုံးဖြတ်ချက်ကို လိုက်နာရန် စတဲ့အချက်တွေကို ကုလလုံခြုံရေးကောင်စီက ထပ်မံပြီး ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပိုပြင်းထန်တဲ့ ဆုံးဖြတ်ချက်သစ် ချမှတ်ပေးဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း တောင်းဆိုထားပါတယ်။

စစ်ကောင်စီဟာ ဂျက်တိုက်လေယာဉ်တွေသုံးပြီး ပြည်သူလူထုနေထိုင်တဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ အများအပြား ဆက်ရှိနေသေးတာကိုကြည့်ရင် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို လက်နက်၊ လေယာဉ်ဆီ၊ ငွေကြေး ဖြတ်တောက်ဖို့ လိုနေတာ ထင်ရှားတယ်လို့ ထောက်ပြခဲ့ပါတယ်။

အားလုံးပါဝင်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင် အားလုံးကြားညှိနှိုင်းကြဖို့နဲ့ မြန်မာပြည်သူတွေကို အမြန်ဆုံးကူညီဖို့ ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly