နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၄ ဩဂုတ် ၂၀၂၃)

By မဇ္ဈိမ 
24 August 2023
နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၄ ဩဂုတ် ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ
•    အကြမ်းဖက်စစ်ကောင်စီက ထုတ်ဝေသော တရားမဝင်နှစ်သောင်းတန် ငွေစက္ကူများကို ပုဂ္ဂလိက ဘဏ်များ နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများတွင် သုံးစွဲခြင်းမပြုရန် အမျိုးသား ညီညွတ်ရေး NUG က ဩဂုတ် ၂၄ ရက်တွင် တားမြစ်မိန့် ထုတ်ပြန်သည်။
•    တီမောနိုင်ငံတွင် တီမောနိုင်ငံသမ္မတကြီး HE José Ramos-Horta နှင့် အမျိုးသားညီညွတ်ရေး အစိုးရ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတို့ တွေ့ဆုံ၍ တရားမျှတမှုဖော်ဆောင်နိုင်ရေးတွင် တီမောနိုင်ငံအနေနှင့် NUG အစိုးရနှင့်အတူ ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်သွားနိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
•    ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးဆုံးဖြတ်ချက် ချမှတ်ထားသည့်တိုင် စစ်တပ်သည် မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက်ကျူးလွန်နေကြောင်း မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဩဂုတ် ၂၃ ရက်က ပြုလုပ်သည့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် မြန်မာနိုင်ငံအရေးကိစ္စနှင့်စပ်လျဉ်း၍ တံခါးပိတ်အစည်းအဝေးတွင် ပြောသည်။
•    စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးကို သတ်ဖြတ်ခဲ့သည့် လက်နက်ကိုင် ဓားပြအုပ်စုကို NUG အစိုးရ တရားရုံးတွင် တရားစွဲဆိုမည်ဖြစ် ကြောင်း မုံရွာမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့က တရားဝင်သတင်း ထုတ်ပြန်သည်။
•    တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG ထိန်းချုပ် နယ်မြေ အတွင်း သြဂုတ် ၁၃ ရက်မှ ၂၃ ရက်အထိကျောင်းပေါင်းစုံ ဘောလုံး ပြိုင်ပွဲ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
•    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း တို့မှာရှိတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေးကို ဩဂုတ် ၂၃ ရက်၊ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
•    ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များကို ‌နွေဦးတော်လှန်ရေး ကာလအတွင်း အုပ်ချုပ်ရေးလုပ်ငန်းများနှင့်ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စနစ်တကျ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်အတွက် အုပ်ချုပ်ရေး နှင့် ဆိုင်သည့် ရုံးလုပ်ထုံး လုပ်နည်း နှင့် ရုံးလုပ်ငန်းသင်တန်းများကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
•    အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ရန်၊ အာဆီယံဘုံ သဘောတူညီချက် အကောင် အထည်ဖော်ရန်နှင့် မြန်မာအပေါ် ချမှတ်ထားသော ဆုံးဖြတ်ချက်ကို လိုက်နာရန် ကုလလုံခြုံရေးကောင်စီက ထပ်မံ၍ ပူးတွဲ ကြေညာချက် ထုတ်ပြန်တောင်းဆိုသည်။
•    အကြမ်းဖက် စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးသူ လူပုဂ္ဂိုလ် ၂ ဦးနှင့် ကုမ္ပဏီ ၃ ခုကို အမေရိကန်ပြည်ထောင်စု စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူကြောင်း အမေရိကန် အစိုးရက တရားဝင် ထုတ်ပြန်ကြေညာသည်။
•    ကုလသမဂ္ဂ UNOCHA  အကြီးအကဲ၏ မြန်မာနိုင်ငံခရီးစဉ်ကို ထိရောက် အောင်မြင်မှုမရှိဘဲ စစ်တပ်၏ ဝါဒဖြန့်မှုအဖြစ် အသုံးချခံနေရမှု   မြန်မာအရပ်ဘက်အဖွဲ့အစည်း ၅၀၀ ကျော်က ကန့်ကွက်လိုက်ကြကြောင်း သိရသည်။
•    အကြမ်းဖက် မြန်မာစစ်တပ်ကို လက်နက်၊ စစ်ဘက်-အရပ်ဘက် ပစ္စည်း၊ နည်းပညာ ရောင်းချများ ရပ်တန့်ရန်နှင့် စစ်အုပ်စုကို ဘဏ္ဍာရေးစနစ်သို့ ဝင်ရောက်ခွင့် မပြုရန် အရပ်ဖက် အဖွဲ့အစည်း ၂၀၀ က စင်ကာပူ အစိုးရထံ တောင်းဆိုခဲ့ကြောင်း သိရသည်။
•    စစ်ကိုင်းတိုင်း၊ ကလေးမြို့ တောင်ပိုင်းရှိ သာစည်ကျေးရွာကို အကြမ်းဖက်စစ်တပ်မှာ ၉ ရက် မြောက်နေ့အဖြစ် ယနေ့ ဩဂုတ် ၂၄ ရက်တွင်လည်း ထပ်မံ မီးတင်ရှို့နေကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ဝမ်ပေါင်ကုမ္ပဏီအတွင်းမှ ရဲတပ်သား ၁ ဦးသည် ဩဂုတ် ၂၄ ရက်၊ နံနက်ပိုင်းက သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်လာကြောင်း ဆားလင်း ကြီး မြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်ကင်းပုန်းကို ဩဂုတ် ၂၃ ရက်၊ မွန်းလွဲပိုင်း က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မုံရွာနတ်ဆိုး တပ်ရင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
•    စစ်ကိုင်းတိုင်း ၊ ရေဦးမြို့နယ် ၊ အောင်သာပျူရွာမှ ရိက္ခာရှာ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို ဩဂုတ် ၂၂ ရက်၊ နေ့လယ်ပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့များက ချုံခိုတိုက်ခိုက်ခဲ့ပြီး စစ်သား သုံးဦး သေဆုံးကာ ပျူစောထီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့တော်ဝင် နဂါးတပ်တော် (MRDA) စေတန် တပ်ခွဲထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်းများကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၁၅၀၀၀ ကျော် တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် အမိုးအကာများ လိုအပ် နေကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီထံမှ သိရသည်။
•    စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်၏ စစ်ခုံရုံးက ပြည်သူ ၄ ဦးကို သေဒဏ်ချမှတ်ခဲ့ကြောင်း Indaw Revolution – IR မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    ဒေါ်အောင်ဆန်းစုကြည် အုပ်ချုပ်သည့် ၅ နှစ်တာကာလအတွင်း မီးမပျက်သည့် အပြင် မီတာခလျှော့ပေးခဲ့မှုနှင့်နှိုင်းယှဉ်လျှင် မင်းအောင်လှိုင် စောက်သုံးမကျဟု လူမှုကွန်ရက်တွင် ဗီဒီယို လွှင့်တင်ပြောဆိုသော အဆိုတော် ဗျူဟာကို စစ်တပ်က  ယမန်နေ့က ထောင်ဒဏ် နှစ် ၂၀ ချမှတ်မှုသည် တရားဥပဒေကို လိုသလို သုံး၍ အငြိုးတကြီး ပြစ်ဒဏ်ပေးမှုဟု ရှေ့နေတချို့က ဝေဖန် ပြောဆိုလိုက်သည်။
•    မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကိုင်းတောမရဲစခန်း နှင့် စစ်တပ်တပ်စွဲထားသော နေရာများကို ဩဂုတ် ၂၁ ရက်က မောင်းသူမဲ့ လေယာဥ်ငယ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဓားမဆိုင်း တပ်မတော် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်ထွဋ်ခေါင်က ပြောသည်။
•    မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ကြို့ဝကျေးရွာနှင့်ရွာသစ်ကျေးရွာကြားတွင် ဩဂုတ် ၂၃ ရက်၊ နံနက်ပိုင်းက တိုက်ပွဲ ဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၁၅ ဦးကျော် သေဆုံးခဲ့ကြောင်း သရက်ခရိုင် တပ်ရင်း ၄ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က ပြောသည်။
•    မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပခုက္ကူ-ကမ္မ လမ်းပိုင်းတွင် ဩဂုတ် ၂၂ ရက်၊ နံနက်ပိုင်းက စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး ၁၅ လုံး ကြဲချတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာ ရရှိမှုများရှိကြောင်း မြိုင်ပကဖအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
•    မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာကျေးရွာ စစ်ဆေးရေး ဂိတ်ကို ဩဂုတ် ၂၂ ရက်၊ နံနက် အ စောပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ရာ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားပြီး ဆိုင်ကယ်နှစ်စီးနှင့် သေနတ်တလက် သိမ်းဆည်းနိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
•    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်တွင် ထားဝယ်ခရိုင်ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က အကြမ်းဖက်စစ်တပ်ထုတ် ကုန်ပစ္စည်းများကို ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ စားသုံးခြင်းများ မပြုလုပ်ကြရန် အသိပညာပေးလှုပ်ရှားမှုကို ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။
•    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေး ရွာနှင့် ဘိုရားကြီးကျေးရွာအကြားတွင် ဩဂုတ် ၂၄ ရက်၊ နံနက် ၇ နာရီခွဲခန့်က စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့် BGF တပ်မှ ဗိုလ်ဝင်းစိုး နှင့် ဇနီးတို့ စီးလာသော အဖြူရောင်မတ်တူးယာဉ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားပြီးနောက် သေနတ် ၂ လက် နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု - KRF ထံမှ သိရသည်။
•    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၂၈၃ တပ်ရင်းကို ဩဂုတ် ၂၂ ရက်၊ ည ၈ နာရီခန့်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း Alpha Bats Fixed wing drone အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
•    ကရင်ပြည်နယ်၊ KNU နယ်မြေရှိ CDM ဝန်ထမ်းများကို ဩဂုတ် ၂၃ ရက်တွင် စားနပ်ရိက္ခာ နှင့် အဝတ်အစားများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း AAC ကိုရဲမင်း ဦးဆောင်သော အဖွဲ့ထံမှ သိရ သည်။
တိုင်းရင်းသား လက်နက်ကိုင်များ
•    ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ်ရှိ ကျေးရွာချင်းဆက် လမ်းပိုင်းကို ဩဂုတ် ၁၅ ရက်က အကြမ်းဖက်စစ်တပ်က ဘူဒိုဇာဖြင့် ဖျက်ဆီးခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
•    ကရင်နီ(ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်း ရှိ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာတစ်ရွာကို ဩဂုတ် ၂၃ ရက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ကလေးငယ် ၃ ဦးထိခိုက်ဒဏ်ရာ ရရှိကြောင်း KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။
•    KNU ဒူးပလာယာခရိုင်တွင် BGF မှ တပ်သား ၁ ဦး KNLA - ပူးပေါင်းတပ်ဖွဲ့ထံ လက်နက်ဖြင့် အလင်းဝင် လာသောကြောင့် ဘတ်ငွေ ၅၀၀၀၀ ဆုချီးမြှင့်ခဲ့ကြောင်း ဒူးပလာယာခရိုင် - သတင်းနှင့် ပြန်ကြားရေး က ထုတ်ပြန်ထားသည်။
စစ်ကောင်စီ
•    ကုန်ဈေးနှုန်းတည်ငြိမ်မှု ပျက်ပြားစေမည့် ကိစ္စရပ်များကို ဥပဒေနှင့်အညီ ကြီးကြပ် ဆောင်ရွက်ရန် လိုအပ်သည်ဟု စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ် နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဩဂုတ် ၂၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ အစည်းအဝေးတွင် ပြောသည်။
•    ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ကူညီစောင့်ရှောက်ပေးနိုင်ရေးနှင့် ပတ်သက်၍ စစ်ကောင်စီ အလုပ်သမားဝန်ကြီး ဦးမြင့်နောင် နှင့် ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ Chief of Mission Mr. Dragan Aleksoski တို့ ဩဂုတ် ၂၃ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
•    မြန်မာနိုင်ငံ၏ EV ကားထုတ်လုပ်ရေး လုပ်ငန်းအပါအဝင် အခြားကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံနိုင် မည့်အခွင့်အလမ်းများကို စစ်ကောင်စီ လက်အောက်ခံ မြန်မာကောင်  စစ်ဝန်ချုပ်ရုံး၊ ကူမင်းမြို့မှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့် တရုတ်နိုင်ငံ၊ရှန်ဟိုင်းမြို့အခြေစိုက် ရှန်ဟိုင်းလွတ်လပ်သောကုန်သွယ်မှုဇုန် ကျင်ချောင်အုပ်ချုပ်ရေးဗျူရိုမှ ညွှန်ကြားရေးမှူးချုပ် Mr. Lv Dong Sheng တို့ ဩဂုတ် ၂၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
•    မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းက မိုးရွာသွန်းမှုကြောင့် မြေပြိုကျသွားသည့် နေရာတွင် ယာယီဘေလီတံတား တည်ဆောက်နေမှုသည် ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ ကော့ကရိတ်မြို့နယ် လမ်းဦးစီးဌာနက သိရသည်။
•    ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းရေတပ်စခန်းတွင် တပ်မှထွက်ပြေးသူများလာသဖြင့် သက်ကြီးပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ခန့်သာရှိတော့ကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံမှ သိရသည်။
ဩဂုတ် ၂၄ ရက် သုံးသပ်ချက်
•    အမေရိကန်၏ စီးပွားရေး ဒဏ်ခတ်မှုများသည် စစ်ကောင်စီကိုသာမက စစ်ကောင်စီ ဆက်နွယ် ပတ်သက်သူများကိုပါ ဒဏ်ခတ်အရေးယူလာသည့်အတွက် အကြမ်းဖက်စစ်အုပ်စုကို ထောက်ပံ့ ပံ့ပိုးသူများအနေဖြင့် ပြည်သူဘက်မှာရပ်တည်မလား သို့မဟုတ် မိမိစီးပွားရေးအထိခံပြီး အကြမ်းဖက်စစ်အုပ်စုဘက်တွင် ရပ်တည်မလားဆိုသည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။
•    စစ်ကောင်သည် တရားဥပဒေကို လိုသလို အသုံးပြုပြီး အငြိုးအတေးများဖြင့် ၎င်းတို့ဘက် မပါသူများကို ဖမ်းဆီးနှိပ်စက်ပြီး မတရားသဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်နေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly