အင်းတော်မြို့ စစ်ခုံရုံးမှ ဒေသခံပြည်သူ ၄ ဦးကို  သေဒဏ်ချ

By ကိုခင်မောင် (မဇ္ဈိမ)
24 August 2023
အင်းတော်မြို့ စစ်ခုံရုံးမှ ဒေသခံပြည်သူ ၄ ဦးကို  သေဒဏ်ချ

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်  အင်းတော်မြို့ စစ်ခုံရုံးမှ ဒေသခံပြည်သူ လေးဦးကို သေဒဏ်ချမှတ်လိုက်သည်ဟု Indaw Revolution – IR အဖွဲ့မှ သြဂုတ်လ ၂၃ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ သေဒဏ်ချမှတ်ခံရသူ လေးဦးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၂(က)တို့ဖြင့် တရားစွဲဆိုခဲ့ပြီး  ဩဂုတ်လ ၁၈ရက်နေ့တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဟု ဆိုသည်။

သေဒဏ်ချမှတ်ခံရသူများသည်  မုံရွာ- မြစ်ကြီးနား ခရီးသယ်တင်ကားမောင်းသည့် ကိုဇော်မျိုးထွန်း(ခ)တိုနီ၊ ထီးချိုင့်မြို့နယ်ဘက်မှ ကိုကျော်စွာဝင်း(ခ)ကျော်စွာနှင့် မမြင့်မြင့်အေး(ခ)အေးအေးဖြစ်ပြီး ကိုအောင်ကျော်ကျော်မိုး(ခ)လားလားသည် အင်းတော်မြို့ ရေတွင်းကုန်းရပ်ကွက်နေသူ တို့ဖြစ်ကြောင်း Indaw Revolution – IR အဖွဲ့ထံမှ သိရသည်။

ကိုဇော်မျိုးထွန်း(ခ)တိုနီဆိုသူသည် ပြီးခဲ့သည့် ဧပြီလအတွင်းက  ကားမောင်းနေရင်း အင်းတော်စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရပြီး ကိုကျော်စွာဝင်း(ခ)ကျော်စွာ၊ မြင့်မြင့်အေး(ခ)မအေးအေး နှင့်  အောင်ကျော်ကျော်(ခ)လားလားတို့သည်  ဇွန်လပိုင်းလောက်တွင်  အင်းတော်မြို့ထဲတွင်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

“ကျော်စွာဝင်းနဲ့ မြင့်မြင့်အေးကို အင်းတော်မြို့ထဲ လမ်းမှာပဲ ဆိုင်ကယ်ရပ်ခိုင်းပြီး စစ်ဆေး ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။ ထီးချိုင့်နယ်ဘက်ကလူတွေလို့ သိရပါတယ်။ ကိုဇော်မျိုးထွန်း (ခ) တိုနီဆိုတဲ့တယောက်က စံရတီယာဉ်လိုင်းမှာ ကားမောင်းနေရင်း အင်းတော်မြို့အဝင်မှာ ဖမ်းခံလိုက်ရတာ၊ လူကိုဖမ်း၊ ကားကိုသိမ်းဆည်းလိုက်ပြီး စကစတွေက အဲ့ကားနဲ့ ကင်းလှည့်တာတွေလုပ်ခဲ့တယ်။ အောင်ကျော်ကျော်မိုးကိုလည်း မြို့ထဲမှာပဲ ဖုန်းတွေစစ်ရင်း ဖမ်းမိတာလို့ သိရတယ်။” ဟု Indaw Revolution – IR အဖွဲ့ထံမှ တာဝန်ရှိသူက မဇ္စျိမသို့ပြောသည်။

အင်းတော်မြို့နယ်တွင် နေ့စဉ်နှင့်အမျှ ဖမ်းဆီခံရမှုများရှိနေပြီး တသက်တကျွန်းချမှတ်ခံရသည့် ပြည်သူ ၁၀ဦးထက်မနည်း ရှိကြောင်းလည်း  ယင်းအဖွဲ့တာဝန်ရှိသူက ပြောသည်။
 
ထိုသို့ စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုများ၊ ပြစ်ဒဏ်ချမှတ်မှုများ အကြောင်းစုံသိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါ သေဒဏ်ချမှခံရသူ လေးဦးနှင့် ပတ်သက်ပြီး PDF များအတွက် လက်နက်ခဲယမ်းများ ဝယ်ယူရောင်းချခြင်း၊ သယ်ယူပို့ဆောင်ခြင်းနှင့် စစ်ကောင်စီကို PDF များအကြောင်း တိုင်ကြားရန် ပျက်ကွက်ခဲ့ခြင်းတို့ကြောင့် ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်နေ့တွင်  အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉ (က) နှင့် ၅၂ (ခ) တို့ဖြင့် သေဒဏ်ချမှတ်ခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ် Fifty Two News တွင်ဖော်ပြထားသည်။

အင်းတော်မြို့တွင် မြို့အဝင်အထွက်နေရာများ၌ စစ်ကောင်စီတပ်များမှ နေ့စဉ် စစ်ဆေးမှုများရှိနေပြီး ဖုန်းများ၊ messageများ ဓာတ်ပုံများပါ စစ်ဆေးသည့်အတွက် အနယ်နယ်အရပ်ရပ်က ပြည်သူများ အင်းတော်မြို့ပေါ် အသွားအလာ ဂရုစိုက်ကြရန် Indaw Revolution – IRမှ အသိပေးထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly