လ၏ တောင်ဝင်ရိုးစွန်းအနီး အာကာသယာဉ် ဆင်းသက်နိုင်သည့် ပထမဆုံးနိုင်ငံ အိန္ဒိယ ဖြစ်လာ

လ၏ တောင်ဝင်ရိုးစွန်းအနီး အာကာသယာဉ် ဆင်းသက်နိုင်သည့် ပထမဆုံးနိုင်ငံ အိန္ဒိယ ဖြစ်လာ

အိန္ဒိယသည် လ၏ တောင်ဝင်ရိုးစွန်းနေရာအနီး အာကာသယာဉ်တစင်းကို အောင်မြင်စွာ ဆင်းသက်နိုင်သည့် ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ ယင်းက ကမ္ဘာ့ လူဦးရေအများဆုံး နိုင်ငံနှင့် ထိုနိုင်ငံ၏ ရည်မှန်းချက် ကြီးမားသော အာကာသ ပရိုဂရမ်အတွက် သမိုင်းဝင် အောင်မြင်မှုတခုလည်း ဖြစ်သည်။

သင်္သကရိုက် ဘာသာဖြင့် “လယာဉ်” ဟု အဓိပ္ပါယ်ရသော အိန္ဒိယ အာကာသယာဉ် ချန်ဒရာယန်း-၃ လဆင်းယာဉ်သည် ဩဂုတ် ၂၃ ရက် အိန္ဒိယ စံတော်ချိန် ညနေ ၆ နာရီ ၄ မိနစ်တွင် အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ရာ မစ်ရှင် ထိန်းချုပ်သည့် နည်းပညာရှင်များ ဝမ်းပန်းတသာ ပွေ့ဖက် အောင်ပွဲခံခဲ့ကြသည်။

ယခု အိန္ဒိယ အာကာသယာဉ် ဆင်းသက်နိုင်မှု မတိုင်မီ ပြီးခဲ့သည့် ရက်များအကြာက လ ၏ အဆိုပါ တောင်ဝင်ရိုးစွန်းနေရာကို ဦးတည်သည့် ရုရှား အာကာသယာဉ် ပျက်ကျမှု ဖြစ်ထားခဲ့သည်။
ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီက တိုက်ရိုက် ထုတ်လွှင့်မှုတခုတွင် ပြုံးရွှင်စွာဖြင့် အိန္ဒိယအလံကို ဝှေ့ရမ်းပြီး ယခု မစ်ရှင် အောင်မြင်မှုက သူ့နိုင်ငံ၏ နယ်စပ်များကို ကျော်လွန်သည့် အောင်မြင်မှုတစ်ခုအဖြစ် ကြေညာခဲ့သည်။

“ခုလို ဝမ်းမြောက်ဖွယ် အခိုက်အတန့်မှာ ကျွန်တော့်အနေနဲ့ တကမ္ဘာလုံးက ပြည်သူတွေကို ပြောချင်ပါတယ်။  အိန္ဒိယရဲ့ လ မစ်ရှင် အောင်မြင်မှုက အိန္ဒိယတနိုင်ငံတည်းအတွက်တင် မဟုတ်ပါဘူး။ လူသားအားလုံးနဲ့ ဆိုင်ပါတယ်” ဟု ပြောသည်။

ချန်ဒရာယန်း-၃ အာကာသယာဉ် မစ်ရှင်သည် ပြီးခဲ့သည့် သီတင်းပတ်ခြောက်ပတ်နီးပါးခန့်က ထောင်နှင့်ချီသော ကြည့်ရှုသူများ ရှေ့မှောက်တွင် လွှတ်တင်ခဲ့ပြီးကတည်းက အများအာရုံစိုက်ခြင်းကို ခံထားခဲ့ရသည်။

အိန္ဒိယ လဆင်းယာဉ်တွင် ပါသွားသည့် လပေါ် သွားမည့် နေစွမ်းအင်သုံး စက်ရုပ်ယာဉ်တစင်းသည် ယင်း၏ သီတင်းပတ်နှစ်ပတ်တာ သက်တမ်းအတွင်း လ မျက်နှာပြင်ကို စူးစမ်းလေ့လာသွားမည် ဖြစ်ပြီး ကမ္ဘာမြေသို့ အချက်အလက်များ ပြန်လည်ပို့လွှတ်သွားမည် ဖြစ်သည်။

India becomes first nation to land spacecraft near Moon's south pole
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly