ရေပြာစစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်ရောက်ပစ်ခတ်၊ တာဝန်ကျရဲများ ထွက် ပြေး

By MTO (မဇ္ဈိမ)
24 August 2023
ရေပြာစစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်ရောက်ပစ်ခတ်၊ တာဝန်ကျရဲများ ထွက် ပြေး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာကျေးရွာ စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ရာ တာဝန်ကျရဲတပ်ဖွဲ့ဝင်များထွက်ပြေးသွား ဆိုင်ကယ်နှစ်စီးနှင့် သေနတ်တလက် သိမ်းဆည်းနိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ရေပြာစစ်ဆေးရေးဂိတ်အား ဩဂုတ်လ ၂၂ ရက်နေ့ နံနက်အစောပိုင်းက သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်သားများထွက်ပြေးသွားကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်လက် ယာက ပြောသည်။

“ရဲစခန်းရှေ့မှာဂိတ်ချထားတာ ငါးယောက်၊ ခြောက်ယောက်လောက်ရှိတယ်။ ကျနော်တို့လည်းဝင်ပစ်ရော ဆိုင်ကယ်တွေပါထားပြီး စခန်းထဲကိုဝင်ပြေးသွားတာ၊ ရဲတစ်ကောင်တော့ သေသွားတယ်”ဟု ၎င်းက ပြော သည်။

ရဲတပ်ဖွဲ့ဝင်များထွက်ပြေးသွားသည့်အတွက် ၎င်းတို့ကျန်ခဲ့သည့် ဆိုင်ကယ်နှစ်စီး၊ G3 သေနတ်တလက်၊ ဖုန်းတလုံး၊ ကျည် ၁၇၁ တောင့်နှင့် စစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်နိုင်ခဲ့ကြောင်း သိရသည်။

ရေပြာစစ်ဆေးရေးဂိတ်သည် လမ်းသွားလမ်းလာခရီးသွားပြည်သူများထံမှ အတင်းအဓမ္မ ငွေကောက်ခံနေ သည့် စစ်ဆေးရေးဂိတ်ဖြစ်ကြောင်း ဗိုလ်လက်ယာက ဆိုသည်။

ယခုတိုက်ခိုက်မှုကို ASTF (Pauk)တပ်ဖွဲ့၊ မြိုင် ပကဖ ရင်း(၁) စိတ် (၁၈)၊ NPRF တပ်ဖွဲ့ ၊ Fire Revolution Group (ခရိုင်ရင်း ၁၆) ၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်ဗျတ္တနှင့် နွေဦးလေပွေတပ်ဖွဲ့၊ Justic Fighter တပ်ဖွဲ့ ၊ ကင်ဒိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ အဆိုတော်တပ်ဖွဲ့ ၊ ဆိုင်ကလုန်းပြောက်ကျားတပ်ဖွဲ့၊ ဗိုလ်လရောင်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly