တရုတ်ကုမ္ပဏီများကို ဆန့်ကျင်သည့် ရွာပေါင်းစုံသပိတ်

By ပါခွီး (မဇ္စျိမ)
24 August 2023
တရုတ်ကုမ္ပဏီများကို ဆန့်ကျင်သည့် ရွာပေါင်းစုံသပိတ်

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ စုပေါင်း၍ တရုတ်ကုမ္ပဏီများဖြစ်သော မြန်မာဝမ်ပေါင် ၊ မြန်မာယန်စီကုမ္ပဏီများကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကို ဩဂုတ်လ ၂၄ရက် ယနေ့တွင်  ပြုလုပ်ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ကြေးနီသတ္ထုတွင်းအကြောင်းပြု လူသတ်ပွဲ လုပ်နေတာ ချက်ချင်းရပ်”  စာတန်းကို ကိုင်ဆွဲပြီး ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ခြင်း ဖြစ်သည်။

ဝမ်ပေါင် ၊ ယန်စီကုမ္ပဏီများ၏ လုပ်ငန်းခွင်တွင် စစ်ကောင်စီတပ်များ စခန်းချရာ နေရာများဖြစ်ပြီး ယင်းနေရာများမှ အပြင်ထွက်၍ ပြည်သူများကို သတ်ဖြတ် ၊ နေအိမ် မီးရှို့ဖျက်ဆီး မုဒိမ်းကျင့် စသည့် လူမဆန်သောလုပ်ရပ်များလုပ်ကိုင် ဆောင်ရွက်နေပြီး စစ်ကောင်စီကို အထောက်အပံ့ပေးနေသောကြောင့် လက်မခံဘဲ  သပိတ်မှောက် ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ရက်ပေါင်း ၈၈၅ ရက်မြောက် ချီတက်ခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly