မုံရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးသတ်ဖြတ်ခံရမှု ပါဝင်သူ ၇ဦးကို သေဒဏ်အပါ ပုဒ်မ ၃ခုဖြင့် NUG တရားရုံးတွင် စွဲဆို

By ပါခွီး (မဇ္စျိမ)
24 August 2023
မုံရွာမှ ကိုယ်ဝန်ဆောင်အမျိုးသမီးသတ်ဖြတ်ခံရမှု ပါဝင်သူ ၇ဦးကို သေဒဏ်အပါ ပုဒ်မ ၃ခုဖြင့် NUG တရားရုံးတွင် စွဲဆို
မအေးငြိမ်းသူ၏ ဈာပနနေ့ မြင်ကွင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ဩဂုတ်လ ၁၀ရက်က ဖြစ်ခဲ့သည့်  ကိုယ်ဝန်ဆောင်အမျိုးသမီးအား သတ်ဖြတ်မှု၌ ပါဝင်သူ ခုနစ်ဦးကို သေဒဏ်ချမှတ်နိုင်သည့် ပုဒ်မအပါအဝင် ပုဒ်မ သုံးခုဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားရုံးတွင်တရားစွဲဆိုလိုက်သည်။

မုံရွာမြို့၊ထန်းတောကျွန်းဆွယ်ရပ်ကွက်မှ ကိုယ်ဝန်ဆောင်အမျိုးသမီးမအေးငြိမ်းသူသည် ပြီးခဲ့သည့် ဩဂုတ်လ ၁၀ရက်နေ့ နံနက်တွင် ၎င်း၏ နေအိမ်အတွင်း လက်နက်ကိုင်လူတစု၏  သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ ထိုအမှုတွင် ပါဝင်ပတ်သက်သူ အမျိုးသား ခုနစ်ဦးကို ဖမ်းဆီးထားပြီး မုံရွာမြို့နယ်လုံခြုံရေးအဖွဲ့က အမှုတည်ဆောက်ကာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ တရားရုံးတွင် ပုဒ်မသုံးခုဖြင့် တရားစွဲလိုက်သည်ဟု မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊လုံခြုံရေးနှင့်ကာကွယ်ရေးကော်မတီက ယမန်နေ့ ဩဂုတ်လ ၂၃ရက်တွင်  ထုတ်ပြန်သည်။

တရားစွဲဆိုလိုက်သည့် အမှုများမှာရာဇသတ်ကြီးပုဒ်မ ၃၉၅(ဓါးပြမှု)၊ ပုဒ်မ ၃၉၆ (လူသတ်မှုပါသော ဓားပြမှု)၊ပုဒ်မ  ၃၉၇( သေစေရန်ဖြစ်စေ၊ အပြင်းအထန်နာကျင်စေရန်ဖြစ်စေ၊ အားထုတ်မှုပါသော လုယက်မှု(သို့တည်းမဟုတ်)ဓားပြမှုတို့ဖြစ်သည်။ရာဇသတ်ကြီးပုဒ်မ ၃၉၆အား ကျူးလွန်သူကို သေဒဏ်ဖြစ်စေ၊ တသက်တကျွန်းဒဏ်ဖြစ်စေ၊ အလုပ်ကြမ်းနှင့် ၁၀နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ဥပဒေတွင် ဖော်ပြထားသည်။ ပုဒ်မ ၃၉၅၏ ပြစ်ဒဏ်တွင်လည်းတသက်တကျွန်းဒဏ်ဖြစ်စေ၊ အလုပ်ကြမ်းနှင့် ၁၀နှစ်အထိ ထောင်ဒဏ်ဖြစ်စေချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။

မီးဖွားရန် ရက်ပိုင်းသာလိုတော့သည့်   အသက်(၂၅)နှစ်အရွယ်မအေးငြိမ်းသူသည် သေနတ်ပစ်ခတ်ခံရသည့် ဒဏ်ရာဖြင့်  သေဆုံးခဲ့ခြင်းဖြစ်သည်။ ဝမ်းဗိုက်ထဲမှ ကလေးလည်း သေဆုံးသွားခဲ့သည်ဟု သိရသည်။ သတ်ဖြတ်မှုကို ကျူးလွန်သူများက ဖုန်းနှစ်လုံးနှင့် ဆိုင်ကယ်တစီးလည်း ယူဆောင်သွားခဲ့သည်ဟု သိရသည်။

မအေးငြိမ်းသူ သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ဖမ်းဆီးထားသူများ Photo- မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့

အဆိုပါအမှုကို ကျူးလွန်သူများမှာ ကျွဲကြီး(ခ) ဘိုငွေ၊ ပြုံးကြီး (ခ) ကျော်စိုးထွန်း၊ အောင်ကြီး (ခ) အောင်မြင့်ခိုင်၊ ဘဂျမ်း (ခ) ကျော်သူစံ၊ တက်တူး(ခ) မိုးမင်းထက်၊ ကရင်(ခ) အောင်ဆန်းဦး၊ ကျားလေး(ခ) ဝင်းမင်းထက်တို့ဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့၊လုံခြုံရေးနှင့် ကာကွယ်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ကျူးလွန်သူများမှာ ဒေသတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့တခုမှ အဖွဲ့ဝင်များဖြစ်ကြောင်းသတင်းများထွက်ပေါ်နေပြီး အသေးစိတ်ကို မဇ္စျိမအနေဖြင့် မသိရှိရသေးပေ။

"အကျဥ်းထောင်တခုမှာ ထိမ်းသိမ်းထားပြီး လုံခြုံရေးအခြေအနေပေါ်မူတည်ပြီး တရားစီရင်ရေး အစီအမံများအတိုင်း လုပ်ကိုင်ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။

မအေးငြိမ်းသူ၏ ဈာပနကို မုံရွာမြို့တွင် ဩဂုတ်လ ၁၂ရက်က ပြုလုပ်ခဲ့ရာ မြို့ခံအများအပြားက လိုက်ပါပို့ဆောင်ခဲ့ကြပြီး  တရားမျှတမှုရှိရေးအတွက်တောင်းဆိုခဲ့ကြသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly