ဟိုင်းကြီးကျွန်းရေတပ်တွင် တပ်ပြေးများလာသဖြင့် သက်ကြီးပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ခန့်သာရှိတော့ဟုဆို

By မင်းထက် (မဇ္စျိမ)
24 August 2023
ဟိုင်းကြီးကျွန်းရေတပ်တွင် တပ်ပြေးများလာသဖြင့် သက်ကြီးပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ခန့်သာရှိတော့ဟုဆို
ဓာတ်ပုံ - ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက စစ်ခေါင်းဆောင် ဟိုင်းကြီးကျွန်းရေတပ်စခန်းသို့လာရောက်စဥ်

ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းရေတပ်စခန်းတွင် တပ်မှထွက်ပြေးသူများလာသဖြင့် သက်ကြီးပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀ ခန့်သာရှိတော့ကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံမှ သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါရေတပ်စခန်းမှ ထွက်ပြေးသည့်တပ်ပြေးများ များလာသည့်အတွက် အင်အားနည်းလာခြင်းဖြစ်သည်ဟု စစ်ကောင်စီနှင့်နီးစပ်သူက ပြောသည်။

"လူမသိသူမသိ တပ်ကထွက်ပြေးတာတွေ အများကြီးရှိတယ်။ ကိုကိုးကျွန်းကိုလည်း ဟိုင်းကြီးရေတပ်က အလှည့်ကျသွားထိုင်ရတယ်။ အဲ့တာတွေကြောင့်  အခုသက်ကြီးရွယ်အိုတွေနဲ့ အိုနာကျိုးကန်းတွေပဲ ရှိတော့တယ်။တိုက်ပွဲဘာညာဖြစ်လာရင် ခံတောင်ပစ်ရဲမှာမဟုတ်ဘူး၊ အကုန်ပြေးမဲ့ရုပ်တွေ။ အဲ့တာကြောင့် ထပ်မပြေးအောင် ရေတပ်ချုပ်လာပြီး စည်းရုံးလိုက်၊ မင်းအောင်လှိုင်ကလာပြီး စည်းရုံးလိုက် လုပ်နေရတာပေါ့"ဟု ၎င်းကဆိုသည်။

ဟိုင်းကြီးရေတပ်မှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် ၎င်းတို့ထွက်ပြေးစဥ် လက်နှက်ငယ်များကိုပါယူဆောင်သွားခြင်းမျိုးရှိသည်ဟုသိရသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ဟိုင်းကြီးကျွန်းရေတပ်မှ စစ်ကောင်စီတပ် သားနှစ်ဦး လက်နက်နှင့်အတူထွက်ပြေးခဲ့သည့်အတွက် စစ်ကောင်စီတပ်များ ပိုက်စိတ်တိုက် လိုက်လံဖမ်းဆီးခဲ့သည်။

ယင်းပြင် ယခုနှစ် သြဂုတ်လ ပထမပတ်အတွင်းက အဆိုပါ ရေတပ်စခန်းမှ စစ်ကောင်စီတပ်သား သုံးဦး ထပ်မံထွက် ပြေးသွားခဲ့သည့်အတွက် မြို့အဝင်အထွက်ဂိတ်များနှင့် ရေကြောင်းထွက်ပေါက်များတွင် ပိတ်ဆို့ရှာဖွေမှုများပြု လုပ်ခဲ့သေးသည်။

ယခင်က ဟိုင်းကြီးကျွန်းရေတပ်စခန်းတွင် ရေတပ်ဗျူဟာ (၄)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပရခ(ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်)မှ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၃၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း ဟိုင်းကြီးကျွန်းရေတပ်စခန်းမှ ထွက်ပြေးသည့် တပ်​ပြေးအများအပြားရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင်လည်း အဆိုပါရေတပ်စခန်းမှ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးခန့်ရှိသည်ဟု ဟိုင်းကြီးကျွန်းတွင်နေထိုင်သူတဦးက ပြောသည်။

စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကာလအတွင်း CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်လာသည့် ရဲနဲ့ စစ်သား စုစုပေါင်း ၁၆,၀၀၀ ဝန်းကျင်ရှိပြီဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၀၂၃ ခုနှစ် ဧပြီလတွင်ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly