စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လေယာဉ်ဆီကဏ္ဍကို ပစ်မှတ်ထားပြီး အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ 

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လေယာဉ်ဆီကဏ္ဍကို ပစ်မှတ်ထားပြီး အမေရိကန် ဒဏ်ခတ်ပိတ်ဆို့ 
Photo-AFP

ကိုယ့်ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆင်နွှဲနေသည့် မြန်မာစစ်ကောင်စီအား လေယာဉ်ဆီ ရရှိအောင် ကူညီပေးနေသည့် နိုင်ငံခြားကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအပါအဝင် မြန်မာအပေါ် အမေရိကန်က ဗုဒ္ဓဟူးနေ့တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ပြောသည်။ 

အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် ၂၀၂၁ ဖေဖော်ဝါရီက အာဏာသိမ်းခဲ့သည့် စစ်တပ်အတွက် လေယာဉ်ဆီ ဝယ်ယူဖြန့်ဖြူးပေးရာတွင် ပါဝင်နေသော လူပုဂ္ဂိုလ်များအဖြစ် SHOON ENERGY ကုမ္ပဏီပိုင်ရှင် ခင်ဖြူဝင်းနှင့် Asia Sun ကုမ္ပဏီပိုင်ရှင် ဇော်မင်းထွန်းတို့အပြင် ၎င်းတို့နှင့် ဆက်စပ်သည့် ကုမ္ပဏီသုံးခုဖြစ်သော PUMA ENERGY MYANMAR PTE. LTD၊ PEA PTE.LTD (PUMA ENERGY IRRAWADDY AVIATION PTE LTD) နှင့် SHOON ENERGY PTE. LTD (ASIA SUN AVIATION PTE. LTD ) တို့ကိုပါ ထည့်သွင်းကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောသည်။ 

မြန်မာနိုင်ငံ၏ ကာကွယ်ရေးကဏ္ဍနှင့် ပတ်သက်သော အပေးအယူ လုပ်ဆောင်မှုများကို မြန်မာပြင်ဘက်က ကုမ္ပဏီများအား ပိတ်ဆို့ထားသည့် သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးထားသော အထူးအမိန့်အရ မြန်မာနိုင်ငံ၏ လေယာဉ်ဆီ ဆန်းစစ်ထုတ်ပြန်ထားကြောင်းလည်း ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုသည်။ 

“မြန်မာစစ်ကောင်စီအတွက် မရှိမဖြစ် နောက်ထပ် ကဏ္ဍတစ်ရပ်အပေါ် ပစ်မှတ်ထားပြီး ကျွန်တော်တို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ပိုင်ခွင့်ကို ချဲ့ထွင်ရတာပဲ၊ ကိုယ့် အရပ်သား ပြည်သူတွေအပေါ် နှိပ်စက်ညှင်းပန်းနေနိုင်စွမ်းတဲ့ စစ်ကောင်စီရဲ့ ရင်းမြစ်တွေကို ကျွန်တော်တို့ ပိတ်ဆို့တာပဲ”ဟု ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက် အကြမ်းဖက်မှုနှင့် ဘဏ္ဍာရေးစုံစမ်းစစ်ဆေးမှုဌာန၏ လက်ထောက်အတွင်းရေးမှူး ဘရိန်းနယ်ဆင်က ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

မြန်မာစစ်ကောင်စီသည် ပြည်သူများအား ဖိနှိပ်ရာ၌ ပို၍ အကြမ်းဖက်သော လေကြောင်းတိုက်ခိုက်မှုများကို တိုး၍ မှီခိုအားထားလာကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပြီး အရပ်သားများ သေဆုံးရသည့် မကြာသေးသော လေကြောင်းတိုက်ခိုက်မှုများကို ကိုးကားဆိုသည်။ အာဏာသိမ်းချိန်မှစပြီး အရပ်သားပြည်သူ ၃,၉၀၀ ကျော်ထက်မနည်း စစ်ကောင်စီက သတ်ဖြတ်ခဲ့ကြောင်းလည်း ခန့်မှန်းဖော်ပြသည်။ 

ဒဏ်ခတ်ပိတ်ဆို့မှုများ၏ သက်ရောက်မှုကို ဖော့လျော့ပြောဆိုလျက် ရှိသည့် မြန်မာစစ်တပ်တာဝန်ရှိသူများကမူ သောင်းကျန်းသူများကို ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း ပြောဆိုလျက် ရှိသည်။ 

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရအား ဖြုတ်ချကာ အာဏာသိမ်းပြီး ဖြိုခွင်းမှုများအတွင်း အတိုက်အခံ ထောင်ပေါင်းများစွာကို သတ်ဖြတ်၍ လက်နက်ကိုင်တော်လှန်မှုများ ပေါ်ပေါက်လာသည့်နောက် မြန်မာစစ်ခေါင်းဆောင်များအား အမေရိကန်နှင့် အခြားသော အနောက်နိုင်ငံများက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။ 

ဇွန်လအတွင်းကလည်း အမေရိကန်သည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အပါအဝင် နိုင်ငံပိုင်လုပ်ငန်းများမှ ဘဏ္ဍာဝင်ငွေများကို လည်ပတ်နေသည့် နိုင်ငံပိုင် ဘဏ်နှစ်ဘဏ်ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ခဲ့၍ စစ်ကောင်စီ၏ နိုင်ငံခြားငွေ ရရှိမှုကို ဖြတ်တောက်နိုင်လိမ့်မည်ဟု တက်ကြွလှုပ်ရှားသူများက မျှော်လင့်ခဲ့ကြသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly