အင်ဒို-ပစိဖိတ်ဒေသတွင် အန္တရာယ်များပြီး ရန်လိုသည့် တရုတ်၏ လုပ်ရပ်များကို အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ ပြစ်တင်ရှုတ်ချ

အင်ဒို-ပစိဖိတ်ဒေသတွင် အန္တရာယ်များပြီး ရန်လိုသည့် တရုတ်၏ လုပ်ရပ်များကို အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ ပြစ်တင်ရှုတ်ချ

တရုတ်နိုင်ငံ၏ အန္တရာယ်များပြီး ရန်လိုသည့် လုပ်ရပ်များကို ပြစ်တင်ရှုတ်ချကြောင်းနှင့် အင်ဒို-ပစိဖိတ်ဒေသအတွင်း လက်ရှိအနေအထားကို ပြောင်းလဲရန် ကြိုးပမ်းမှုမှန်သမျှကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်း အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က ဩဂုတ် ၁၈ ရက်တွင် ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။ 

၎င်းနိုင်ငံများအကြား ပထမဆုံးအကြိမ် ၃ ပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်နိုင်ငံတွင် ကျင်းပခဲ့ပြီးနောက် 'The Spirit of Camp David' ဟု ခေါင်းစဉ်တပ်ထားသည့် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကာ စုပေါင်းမဟာမိတ်ဖွဲ့မှုကို ထောက်ခံကြောင်း ဖော်ပြထားသည်။ 

ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန် ၃ နိုင်ငံ မိတ်ဖွဲ့ဆောင်ရွက်မှုသည် မိမိတို့၏ ပြည်သူများ၊ ဒေသတွင်းနှင့် ကမ္ဘာကြီး၏ လုံခြုံရေးနှင့် သာယာဝပြောရေးကို တိုးတက်စေသည်ဟု ယုံကြည်သောကြောင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရန် မိမိတို့ သန္နိဋ္ဌာန်ချထားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းတို့အနေဖြင့် ၃ နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန်နှင့် အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ မျှော်မှန်းချက်များအပြင် နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်ရေး ဘုံရည်မှန်းချက်ကို ဖော်ဆောင်သွားရန်လည်း ကတိပြုထားသည်။ 

မိမိတို့သည် လက်ရှိနှင့် လာမည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့်အားလျော်စွာ စီးပွားရေးကို ခိုင်မာအားကောင်းစေရန်၊ လိုက်လျောညီထွေ ဆောင်ရွက်နိုင်ရေးနှင့် သာယာဝပြောရေးကို ပံ့ပိုးကူညီရန်နှင့် တရားဥပဒေစိုးမိုးရေးကို အခြေခံ၍ လွတ်လပ်ပွင့်လင်းသော နိုင်ငံတကာစည်းမျဉ်းကို အားပေးထောက်ခံရန်၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး တိုးတက်လာစေရန် ဆောင်ရွက်သွားမည် ဖြစ်သည်။ ဒီမိုကရေစီ မြှင့်တင်ရေးနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုကို ခိုင်မာအားကောင်းအောင် လုပ်ဆောင်သွားမည် ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

ထို့ပြင် တောင်တရုတ်ပင်လယ်အတွင်း ရေပိုင်နက်ဆိုင်ရာ တရားမ၀င် တောင်းဆိုမှုများကို အထောက်အကူရစေရန် တရုတ်၏ လုပ်ဆောင်မှုများကို စိုးရိမ်ကြောင်းနှင့် အင်ဒို-ပစိဖိတ် ပင်လယ်ရေပြင်ရှိ လက်ရှိအခြေအနေများကို ပြောင်းလဲပစ်ရန် ရည်ရွယ်သည့် တရုတ်၏ တစ်ဖက်သတ်လုပ်ဆောင်မှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ ပူးတွဲကြေညာချက်တွင် ဖော်ပြခဲ့သည်။ 

 “စည်းမျဉ်းအခြေပြု နိုင်ငံတကာအစီအစဉ်နဲ့ ကိုက်ညီမှုမရှိဘဲ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးကို ထိခိုက်စေတဲ့ လုပ်ရပ်တွေကို မိမိတို့ စိုးရိမ်မိပါတယ်။  တောင်တရုတ်ပင်လယ်အတွင်း တရားမဝင် ရေပိုင်နက် တောင်းဆိုမှုကို အထောက်အကူရရေး အန္တရာယ်များပြီး ရန်လိုတဲ့ တရုတ်ရဲ့ မကြာသေးမီက လုပ်ရပ်များအပေါ် ၃ နိုင်ငံစလုံးရဲ့ တရားဝင် ရပ်တည်ကြေညာချက်ကို ထပ်မံအတည်ပြုတဲ့အနေနဲ့ အင်ဒို-ပစိဖိတ် ပင်လယ်ရေပြင်ဆိုင်ရာ လက်ရှိအနေအထားကို ပြောင်းလဲဖို့ တစ်ဖက်သတ် ကြိုးပမ်းမှုမှန်သမျှကို မိမိတို့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ပါတယ်။” ဟု ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ကျွန်းတုများပေါ်တွင် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်း၊ ကမ်းခြေစောင့်တပ်နှင့် ပြည်သူ့စစ်ရေယာဉ်များကို အရဲစွန့် အသုံးပြုခြင်းနှင့် အတင်းအကျပ် ဆောင်ရွက်ခြင်းများ၊ အကြောင်းမကြား စည်းလမ်းမလိုက်နာဘဲ တရားမဝင် ငါးဖမ်းခြင်းများကို မိမိတို့အနေဖြင့် ဆန့်ကျင်ကန့်ကွက်ကြောင်း ထပ်မံဖော်ပြထားသည်။ 

ထိုင်ဝမ်ရေလက်ကြားဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆိုင်ရာ ကတိကဝတ်များကို ၃ နိုင်ငံစလုံးက ထပ်မံ အတည်ပြုခဲ့ပြီး ထိုင်ဝမ်အရေးကိစ္စအပေါ် အခြေခံရပ်တည်ချက်များမှာ မပြောင်းလဲကြောင်း အလေးပေး ဖော်ပြထားကာ ရေလက်ကြားဖြတ်ကျော် ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် တောင်းဆိုခဲ့သည်။

ထို့ပြင် အာဆီယံဦးဆောင်သော ဒေသဆိုင်ရာ အစီအစဉ်များကို ထောက်ခံကြောင်းနှင့် အင်ဒို-ပစိဖိတ်ဒေသဆိုင်ရာ အာဆီယံမျှော်မှန်းချက်ကို အဓိကထား ခိုင်မာစွာ အကောင်အထည်ဖော်ရန် အာဆီယံမိတ်ဖက်များနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။ 

လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအပြင် စီးပွားရေးလုံခြုံရေးနှင့် နည်းပညာနယ်ပယ်များတွင် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ရေးကိုလည်း အာရုံစိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း  ထပ်မံ ဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required