အီရန်အပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ဘယ်တော့မှ အသိအမှတ် မပြုဟု မလေးရှား ပြော

By Iran Front Page
23 August 2023
အီရန်အပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ဘယ်တော့မှ အသိအမှတ် မပြုဟု မလေးရှား ပြော

အီရန်အပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှုအား မလေးရှားနိုင်ငံက ကန့်ကွက်ဆန့်ကျင်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီ အဒူ ကာဒါးက ထုတ်ဖော်ပြောဆိုပြီး ကုန်သွယ်မှု ပိတ်ပင်ခြင်းကို မိမိတို့နိုင်ငံက ဘယ်တော့မှ အသိအမှတ်ပြုမည်မဟုတ်ဟု ဆိုသည်။

အီရန်သမ္မတ အီဘရာဟင် ရာအိစီနှင့် အင်္ဂါနေ့က တွေ့ဆုံမှုအတွင်း အီရန်သည် မလေးရှားနိုင်ငံအတွက် ဒေသတွင်းနှင့် မွတ်စလင်ကမ္ဘာ၌ “အလွန်အရေးကြီးသော မိတ်ဖက်” ဖြစ်သည်ဟု ဇမ်ဘရီက ပြောခဲ့သည်။

ဩဂုတ် ၂၀ ရက်မှ ၂၃ ရက်အထိ အီရန်သို့ ခရီးစဉ်လာရောက်ချိန် အီရန်တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့မှုများသည် “အပြုသဘောဆောင်ကြောင်း” ၎င်းက ဆိုသည်။

နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးရေး အထူးသဖြင့် စိုက်ပျိုးရေး၊ ဆေးဝါး၊ သိပ္ပံနှင့် နည်းပညာတို့တွင် ဆက်ဆံရေး ဖွံ့ဖြိုးရေးအတွက် ဇမ်ဘရီက ထပ်လောင်းတိုက်တွန်းသည်။

အီရန်သမ္မတကလည်း အီရန်နှင့် မလေးရှားကြားက ရေရှည် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် အပြန်အလှန်ဆက်ဆံရေး၏ “ကဏ္ဍသစ်” ဖြစ်လိမ့်မည်ဟု ပြောဆိုသည်။

ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အားဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် စီးပွားရေး ကူးသန်းဖလှယ်မှုများ မြင့်တက်စေလိမ့်မည်ဟုလည်း ၎င်းက ဖော်ပြသည်။

မလေးရှား၏ ထိပ်တန်းသံတမန် ဇမ်ဘရီသည် ဂုဏ်ရည်တူ အီရန်နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ ပြီးခဲ့သည့် ဒီဇင်ဘာတွင် ရာထူးရရှိပြီးနောက် ပထမဆုံးအဖြစ် အီရန်နိုင်ငံသို့ တရားဝင် လာရောက်ခြင်း ဖြစ်သည်။

မလေးရှားနှင့် အီရန် နိုင်ငံခြားရေးနှစ်ဦး တနင်္လာနေ့က တွေ့ဆုံရာတွင် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ အရေးကိစ္စအချို့အား ဆွေးနွေးခဲ့ကြသည်။

ထိုပြင် ရာဇဝတ်သားများအား နိုင်ငံရင်း ပြန်ပို့ရေးနှင့် အကျဉ်းသား လဲလှယ်ရေးတို့ကိုလည်း အရှိန်မြှင့် လုပ်ဆောင်သွားရန် ၎င်းတို့က သဘောတူခဲ့ကြသည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly