ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် ရေယာဉ်များကို တရုတ်က ပိတ်ဆို့ 

By Euro News 
23 August 2023
ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် ရေယာဉ်များကို တရုတ်က ပိတ်ဆို့ 
Photo-AFP

အငြင်းပွား တောင်တရုတ်ပင်လယ်ပြင်အတွင်း အန္တရာယ်ရှိသော ထိပ်တိုက်တွေ့မှုတစ်ရပ်၌ တရုတ်၏ ပိတ်ဆို့ထားမှုကို ဖိလစ်ပိုင် စက်လှေနှစ်စင်းက ချိုးဖောက်ဝင်ရောက်မှု ဖြစ်ခဲ့သည်။ 

ဖိလစ်ပိုင်က ပိုင်ဆိုင်သည်ဟု အတည်ပြုထားသော Second Thomas ပင်လယ်ရေတိမ်ပိုင်းအနီးတွင် အင်္ဂါနေ့က ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ရေယာဉ်များ၏ ဖြတ်သန်းသွားလာခွင့်ကို တရုတ်က နာရီအတန်ကြာ ပိတ်ဆို့ထားခြင်း ဖြစ်သည်။ အဆိုပါ ပင်လယ်ရေတိမ်ပိုင်း၌ ဖိလစ်ပိုင်စစ်သင်္ဘောတစ်စင်း ကျောက်ချထားပြီး လိုအပ်ပစ္စည်းများ ပေးပို့ခြင်း ဖြစ်သည်။ 

ယခု အန္တရာယ်ရှိသော ထိပ်တိုက်တွေ့မှုမှာ တရုတ်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ထိုင်ဝမ်နှင့် ဘရူနိုင်းတို့ပါဝင်သော အသွားအလာများသည့် ပင်လယ်ပြင် ရေပိုင်နက် အငြင်းပွားမှု၌ နောက်ဆုံး ဖြစ်ပွားသည့် ထိပ်တိုက်တွေ့မှုလည်းပဲ ဖြစ်သည်။ 

အင်္ဂါနေ့က ဖြစ်ပွားသော အဆိုပါ ထိပ်တိုက်တွေ့မှု၌ တရုတ်ကမ်းခြေစောင့် သင်္ဘောတစ်စင်းသည် ဖိလစ်ပိုင်ကမ်းခြေစောင့် သင်္ဘောတစ်စင်းထံ ၄၆ မီတာအကွာအဝေးထိ ချည်းကပ်လာရာ ဖိလစ်ပိုင်သင်္ဘောက မတိုက်မိအောင် အလျင်အမြန် ရှောင်ရှားခဲ့ရသည်။ 

ယင်း ပင်လယ်ရေတိမ်ပိုင်း၌ ကာလရှည် ကျောက်ချထားသော ဖိလစ်ပိုင်စစ်သင်္ဘောဆီ ရိက္ခာများနှင့် စစ်သားသစ်များ သွားရောက်ပေးပို့ပြီးနောက် ဖိလစ်ပိုင် ရေယာဉ်များအားလုံး နောက်ထပ် ထိပ်တိုက်တွေ့မှုမျိုး မရှိဘဲ ပြန်လည်ထွက်ခွာခဲ့သည်။ 

ယင်းရေပြင်ဧရိယာကို ပိုင်ဆိုင်သည်ဟု အတည်ပြုထားသော တရုတ်က လူသားချင်း စာနာထောက်ထားရေး အကြောင်းပြချက်ဖြင့် ဖိလစ်ပိုင် ရေယာဉ်နှစ်စင်းကို ဖြတ်သန်းခွင့် ပြုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

တောင်တရုတ်ပင်လယ်ပြင်၌ အချုပ်အခြာ ပိုင်ဆိုင်မှုနှင့် ပတ်သက်ကာ တရုတ်သည် နိုင်ငံတော်တော်များများနှင့် အငြင်းပွားလျက် ရှိနေသည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required