မြန်မာစစ်အုပ်စုခေါင်းဆောင်များနှင့် အဆက်အဆံ ဖြတ်ရန် ကုလကို အရပ်ဖက်လူမှုအဖွဲ့များ တိုက်တွန်း

မြန်မာစစ်အုပ်စုခေါင်းဆောင်များနှင့် အဆက်အဆံ ဖြတ်ရန် ကုလကို အရပ်ဖက်လူမှုအဖွဲ့များ တိုက်တွန်း
Photo-AFP

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) အကြီးအကဲ မာတင် ဂရစ်ဖစ်သ်၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့်စပ်လျဉ်း၍ အရပ်ဖက်လူမှုအဖွဲ့အစည်း ၅၀၀ ကျော်က ပြစ်တင်ဝေဖန်လိုက်သည်။ မစ္စတာ ဂရစ်ဖစ်သ်၏ ခရီးစဉ်သည် လူသားချင်းစာနာမှု အကူအညီနှင့်ပတ်သက်၍ မည်မည်ရရ တိုးတက်မှုရရှိအောင် လုပ်ဆောင်နိုင်ခြင်း မရှိသလို “အကူအညီကို လက်နက်သဖွယ် အသုံးချနေသည့်” အာဏာသိမ်းခေါင်းဆောင်များကို တရားဝင်မှု ပေးရာ ရောက်သည်ဟု အဆိုပါ အဖွဲ့များက ပြောသည်။

မစ္စတာ ဂရစ်ဖစ်သ်သည် ပြီးခဲ့သည့် သီတင်းပတ်က နေပြည်တော်သို့ သွားရောက်ခဲ့ပြီး ၂၀၂၁ ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းမှု၏ ဦးဆောင်သူ မင်းအောင်လှိုင်နှင့် ၎င်းတို့ လက်ဆွဲနှုတ်ဆက်နေသည့် ဓာတ်ပုံသည် စစ်အုပ်စုထိန်းချုပ်သော ဂလိုဘယ် နယူးလိုက်အော့ဖ် မြန်မာ သတင်းစာ ရှေ့စာမျက်နှာတွင် ဖော်ပြထားသည်။

သုံးရက်တာ ခရီးစဉ်အတွင်း မစ္စတာ ဂရစ်ဖ်သ်သည် နေရပ်စွန့်ခွာရသူ ရိုဟင်ဂျာ ကမ့်စခန်းတခုကို သွားရောက်ခဲ့သလို ပြီးခဲ့သည့် သုံးလအကြာက မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် အကြီးအကျယ် ထိခိုက်ခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့အနီး ကျေးရွာတခုသို့လည်း သွားရောက်ခဲ့သည်။ ရန်ကုန်နှင့် နေပြည်တော်အကြား ပဲခူးတိုင်းတွင် မုတ်သုံမိုးကြီးမှုကြောင့် ရေကြီး၊ မြေပြိုမှုများဖြစ်ပေါ်ပြီး လူ ငါးဦးထက်မနည်း သေဆုံးခဲ့စဉ် ကုလ စာနာမှု ဆိုင်ရာ အကြီးအကဲ၏ မြန်မာခရီးစဉ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ခရီးစဉ်အပြီးတွင် မစ္စတာ ဂရစ်ဖ်စ်သ်က “ဘေးကင်းလုံခြုံပြီး ရေရှည်တည်တံ့သည့် အကူအညီ ဖြန့်ဝေပေးပို့မှုများ လုပ်ဆောင်နိုင်ရေး” အတွက် တိုက်တွန်းတောင်းဆိုခဲ့ကြောင်း အရပ်ဖက် လူမှုအဖွဲ့အစည်းပေါင်း ၅၁၄ ဖွဲ့က အသိအမှတ်ပြုသော်လည်း စစ်တပ်နှင့် အတူ လုပ်ဆောင်ခြင်းအားဖြင့် ယင်းကို အောင်မြင်နိုင်မည် မဟုတ်ဟု ပြောကြောင်း Progressive Voice က ဝေမျှသည့် ပူးတွဲထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။ စစ်တပ်သည် နိုင်ငံတွင် အကူအညီ လိုအပ်နေသူများ၊ အထူးသဖြင့် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်သည့် ပိုမိုနက်ရှိုင်းလာနေသော ပဋိပက္ခ၏ ရလဒ်ကြောင့် အကူအညီ လိုအပ်နေသူများထံ အကူအညီများ ရောက်ရှိစေမှုအပေါ် ဟန့်တားပိတ်ဆို့နေသည်ဟု စွပ်စွဲခံထားရကြောင်း ထိုပူးတွဲထုတ်ပြန်ချက်အရ သိရသည်။

“ကိုယ်ကျင့်တရားရှိတဲ့ လူသားချင်းစာနာမှု ထိတွေ့ဆက်ဆံမှုအရဆိုရင် မြန်မာမှာ ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲတွေကို ဖြစ်စေတဲ့ အဓိက ရင်းမြစ်ဖြစ်သလို အကူအညီကို လက်နက်သဖွယ် အသုံးချနေတဲ့ တရားမဝင်တဲ့ စစ်အုပ်စုနဲ့ OCHA ၊ အခြား ကုလ လူသားချင်းစာနာမှု အေဂျင်စီတွေ အဆက်အဆံဖြတ်တောက်တာကို တွေ့ရဖို့ လိုပါလိမ့်မယ်” ဟု အရပ်ဖက်လူမှုအဖွဲ့များက ပြောသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly