ဧရာဝတီတိုင်း မြို့နယ် ၆ ခုမှ PDF ၁၀ ဦး အလင်းဝင်လာသည်ဟု စစ်ကောင်စီဝါဒဖြန့်

By မင်းထက်(မဇ္စျိမ)
23 August 2023
ဧရာဝတီတိုင်း မြို့နယ် ၆ ခုမှ PDF ၁၀ ဦး အလင်းဝင်လာသည်ဟု စစ်ကောင်စီဝါဒဖြန့်
ဓာတ်ပုံ - PDF သင်တန်းဆင်းများအလင်းဝင်ပွဲခေါင်းစဥ်ဖြင့် အ နောက်တောင်တိုင်းစစ်ဌာနချုပ်အတွင်း အခမ်းအနားပြုလုပ်နေစဥ်

ဧရာဝတီတိုင်းအတွင်း မြို့နယ် ခြောက်ခုမှ ပြစ်မှုကျူးလွန်ခြင်းမရှိသေးသည့်  PDF ၁၀ ဦး အလင်းဝင်လာသည်ဟု စစ်ကောင်စီက ဝါဒဖြန့်နေကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၁ ရက်နေ့က အနောက်တောင်တိုင်းစစ်ဌာနချုပ်အတွင်းရှိ ခန်းမတခုတွင် ပြစ်မှုကျူးလွန်ခြင်း မရှိသော PDF သင်တန်းဆင်း အလင်းဝင်ရောက်လာသူများအား မိဘများထံလွှဲပြောင်းအပ်နှံခြင်း ခေါင်းစဥ်ဖြင့် အခမ်းအနားပြုလုပ်ပြီး ဝါဒဖြန့်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါအခမ်းအနားတွင် လပွတ္တာမြို့နယ်၊ ဟင်္သာတမြို့နယ်၊ မြောင်းမြမြို့နယ်၊ ကြံခင်းမြို့နယ်၊ ဘိုကလေးမြို့နယ်နှင့် ဟိုင်းကြီးကျွန်းမြို့နယ်တို့မှ PDF အဖွဲ့ဝင်အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးတို့ကို ဝန်ခံလက်မှတ်ရေးထိုးခဲ့သည်ဟု စစ်တပ်လော်ဘီ တယ်လီဂရန်ချယ်နယ်များ၌ ဖော်ပြထားသည်။

ထိုသို့ စစ်ကောင်စီက ဝါဒဖြန့်နေမှုနှင့်ပတ်သက်၍ အဆိုပါမြို့နယ်များရှိ တော်လှန်ရေးအင်အားစုများကို ဆက်သွယ်မေးမြန်းရာ အလင်းဝင်သူများဟု စစ်ကောင်စီမှ ဖော်ပြထားသူများမှာ PDF များမဟုတ်ကြောင်း မဇ္စျိမကိုပြောသည်။

"အဲ့ဒီအခမ်းအနားမှာပါတဲ့ ဟင်္သာတက အောင်ရဲထွဋ်ဆိုတာ NLD ပါတီဝင်ပါ။ နိဗ္ဗာန်တိုက်နယ် ကျောင်းကွင်းမှာနေပြီး စစ်တပ်ကလိုက်ဖမ်းလို့ ပြေးရတာတော့မှန်ပါတယ်။ အဲ့ဒီလူက အလှူခံစားနေတဲ့လူ၊ PDF ဆိုတာတော့ လုံးဝမဟုတ်ပါဘူး"ဟု ဟင်္သာတမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

ယင်းပြင် မြောင်းမြမြို့နယ်၊ ကြံခင်းမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့နယ်နှင့် ဘိုကလေးမြို့နယ်တို့ရှိ တော်လှန်ရေးအင်အားစုများကလည်း ၎င်းတို့အဖွဲ့အစည်းများထဲမှ စစ်ကောင်စီထံအလင်းဝင်သူ တဦးတယောက်မျှမရှိကြောင်း၊ စစ်ကောင်စီက PDF ဟု ဖော်ပြသူများမှာ ၎င်းတို့အနေဖြင့် မြင်ဖူးတွေ့ဖူးခြင်းမရှိသည့် သက်ကြီးပိုင်း အမျိုးသား၊ အမျိုးသမီးများဖြစ်ကြောင်း ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့က ကြံခင်းမြို့နယ် ထွေအုပ်ရုံး အစည်းအဝေးခန်းမတွင်  PDF သင်တန်းဆင်း ၁၀ ဦး စစ်ကောင်စီထံအ လင်းဝင်ခဲ့သည်ဟု စစ်တပ်လော်ဘီ တယ်လီဂရန်ချန်နယ်များ၌ ဖော်ပြခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly