KNU တပ်မဟာ(၆)နယ်မြေတွင် စစ်တပ်​၏ ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်း ဒေသခံသေဆုံး၊ ၂ ဦးဒဏ်ရာရ

By YT (မဇ္ဈိမ)
23 August 2023
KNU တပ်မဟာ(၆)နယ်မြေတွင် စစ်တပ်​၏ ပစ်ခတ်မှုကြောင့် သက်ကြီးပိုင်း ဒေသခံသေဆုံး၊ ၂ ဦးဒဏ်ရာရ
ပုံအညွှန်း- စစ်ကောင်စီတပ်​၏ သေနတ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရအမျိုးသမီးနှစ်ဦးနှင့် အိမ်ပျက်စီးမှုများ ဓါတ်ပုံ- KNU

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့တွင် စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီး၊ လက်နက်ငယ်ထိမှန်၍ သက်ကြီးပိုင်း ဒေသခံတဦးသေဆုံးကာ အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU ဗဟို​၏ ယမန်နေ့ ဩဂုတ်လ ၂၂ ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။

ပုံအညွှန်း- စစ်ကောင်စီတပ်​၏ သေနတ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရအမျိုးသမီးနှစ်ဦးနှင့် အိမ်ပျက်စီးမှုများ ဓါတ်ပုံ- KNU

" စစ်ကောင်စီကတော့ အမြဲတမ်းပဲ စစ်ကြောင်းထိုးတယ်ပဲ။ အမြဲတမ်းပဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာပဲ။ ရွာမရှောင် ဘာမရှောင် ပစ်နေတာပဲ။ ဒေသခံ ဒဏ်ရာရတာရှိတာပေါ့၊ ရွာထဲမှာ ပစ်မှတော့ အိမ်ထိမယ်၊ နွားထိမယ်၊ ပြည်သူလူထုတွေ ထိမယ်" ဟု ကျားဖြူစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ယမန်နေ့ ဩဂုတ်လ ၂၂ ရက်နေ့၊ နံနက် ၈ နာရီဝန်းကျင်အချိန်က ကော့ကရိတ်မြို့နယ်၊ ဝေါ်လေကျေးရွာမှ အသက် ၄၀ အရွယ်ရှိ နော်ဖားကလေးနှင့် အသက် ၁၈ နှစ်အရွယ်ရှိ နော်ဖော်အယ်တို့သည် ၎င်းတို့​၏ ပြောင်းစိုက်ခင်းအတွင်းသို့ သွားနေစဉ် လမ်းတွင် ရှိနေသည့် စစ်ကောင်စီတပ်သားများက လှမ်းခေါ်၍ ကြောက်လန့်ထွက်ပြေးမိရာ စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း KNU က ဖော်ပြထားသည်။  

ပုံအညွှန်း- စစ်ကောင်စီတပ်​၏ သေနတ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရအမျိုးသမီးနှစ်ဦးနှင့် အိမ်ပျက်စီးမှုများ ဓါတ်ပုံ- KNU

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အဆိုပါ အမျိုးသမီးနှစ်ဦး​၏ လက်၊ ခြေထောက်တို့တွင် ကျည်ထိမှန်ဒဏ်ရာရများရခဲ့ပြီး ဆေးကုသမှု ခံယူထားကာ အခြေအနေ မစိုးရိမ်ရကြောင်း သိရသည်။ 

ထို့အပြင် ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့က ကျုံဒိုးမြို့နယ်၊ တောင်ကြားအင်းကျေးရွာ တံတားထိပ်ရှိ စစ်ကောင်စီတပ်သားများအား တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်မှုရှိပြီး အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်တွင် အရာရှိတဦးနှင့် တပ်ကြပ်တစ်ဦးသေဆုံး၍ ခြောက်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း KNU က ဆိုသည်။ 

အဆိုပါ ပစ်ခတ်မှုအပြီးတွင် အထိနာသွားသည့် တောင်ကြာအင်းတံတားထိပ်ရှိစစ်ကောင်စီတပ်သားများက တောင်ကြာအင်းနှင့် မြောက်ကြာအင်း ကျေးရွာအတွင်း လက်နက်ကြီးပစ်ခတ်မှုပြုလုပ်ခဲ့ရာ တောင်ကြာအင်းရွာမှ အသက် ၅၂ နှစ်အရွယ်ရှိ မန်းမြင့်ကျော် ဦးခေါင်းတွင် လက်နက်ကြီးထိမှန် သေဆုံးခဲ့ရပြီး ဒေသခံနေအိမ် ၁၀ လုံးကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ပုံအညွှန်း- စစ်ကောင်စီတပ်​၏ သေနတ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရအမျိုးသမီးနှစ်ဦးနှင့် အိမ်ပျက်စီးမှုများ ဓါတ်ပုံ- KNU

ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး( KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေအတွင်းရှိ မြို့နယ်တခုဖြစ်ပြီး တပ်မဟာ (၆) KNLA၊ PDF ပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီတပ်အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိကာ စစ်ကောင်စီတပ်များက ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိသဖြင့် ဒေသခံများ မကြာခဏ ထိခိုက်ဒဏ်ရာရလေ့ရှိသည့် ဒေသဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့ကလည်း ကျုံဒိုးမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၄၅) မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ကျုံဒိုးမြို့နယ်၊ ကရင်ကျောက်ဖျာရွာအတွင်းသို့  ပစ်ခတ်ခဲ့ရာ အသက် ၅၃ နှစ်အရွယ်ရှိ နော်ချစ်သန်းနှင့် အသက် ၆၉ နှစ်အရွယ်ရှိ ဦးတလက်မတို့ လက်နက်ကြီးကျည်ထိမှန်၍ လက်၊ ပုခုံးတို့တွင် ပြင်းထန်ဒဏ်ရာရခဲ့ပြီး ဒေသခံနေအိမ် တလုံးပျက်စီးခဲ့ကြောင်း သိရသည်။

ပုံအညွှန်း- စစ်ကောင်စီတပ်​၏ သေနတ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရအမျိုးသမီးနှစ်ဦးနှင့် အိမ်ပျက်စီးမှုများ ဓါတ်ပုံ- KNU

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly