ရခိုင်တွင် မိုခါမုန်တိုင်းအပြီး ၃ လကျော်ကြာသည်အထိ စာသင်ကျောင်းအချို့ ဆောက်လုပ်ပြီးစီးခြင်းမရှိသေး

By ဂျူချန်း(မဇ္ဈိမ)
23 August 2023
ရခိုင်တွင် မိုခါမုန်တိုင်းအပြီး ၃ လကျော်ကြာသည်အထိ စာသင်ကျောင်းအချို့ ဆောက်လုပ်ပြီးစီးခြင်းမရှိသေး
ပုံအညွှန်း -မိုခါမုန်တိုင်းကြောင့် ပျက်ဆီးခဲ့သည့် ပုဏ္ဏားကျွန်းက စာသင်ကျောင်း (မေ ၂၂)( ဓါတ်ပုံ-အင်တာနက်)

အင်အားပြင်း ဆိုင်ကလုန်း မိုခါ တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်တွင်းရှိ စာသင်ကျောင်း ၂,၀၀၀ ကျော် ပျက်စီးခဲ့ရကာ မုန်တိုင်းတိုက်ခတ်ပြီး သုံးလကျော်ကြာသည်အထိ စာသင်ကျောင်းအားလုံးကို ပြင်ဆင်နိုင်ခြင်းမရှိသေးကြောင်း ပညာရေးဝန်ထမ်းများနှင့် ဒေသခံများထံက သိရသည်။

မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့ရှိ စာသင်ကျောင်းများအပါအဝင် အဆောက်အအုံ အများအပြား ထိခိုက်ပျက်ဆီးခဲ့ရကာ လက်ရှိအချိန်အထိ စာသင်ကျောင်းများကို ဆက်လက်ဆောက်လုပ်နေဆဲဖြစ်ပြီး နေရာမလုံလောက်မှုကြောင့် အချို့ကျောင်းတွင် ကလေးများအား အတန်းအလိုက် အချိန်ခွဲကာ သင်ကြားပေးနေကြောင်း ဒေသခံထံကသိရသည်။
 
“စာသင်ကျောင်းကကျတော့ ဆောက်နေတုန်းပါပဲ။ အကုန်လုံး မပြီးသေးပါဘူး။ တချို့ အဆောက်အအုံတစ်ခုလုံး ပြိုသွားတဲ့ စာသင်ကျောင်းတွေဆိုရင်တော့ မပြီးသေးဘူးပေါ့။ စာသင်ကျောင်းတွေက ယာယီကျောင်းဆောင်အနေနဲ့ ဖွင့်တာတွေရှိတယ်။ တချို့ဆို မနက်ပိုင်းဆို မူလတန်းပြတယ်။ နေ့လယ်ပိုင်းဆို အလယ်တန်း အဲ့လိုမျိုး အတန်းတွေခွဲပြီး ပြတာမျိုးတွေရှိပါတယ်” ဟု စစ်တွေမြို့ခံတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

အလားတူ ပေါက်တောမြို့တွင် စာသင်ကျောင်း စုစုပေါင်း ၁၈၂ ကျောင်းရှိပြီး မြို့ပေါ်စာသင်ကျောင်းအချို့သာ ဆောက်လုပ်ပြီးစီးထားပြီး နယ်ဘက်ရှိ ကျောင်းများတွင် ဆောက်လုပ်ရန်ကျန်ရှိနေသေးကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးနှင့် နီးစပ်သည့် ဒေသခံထံက သိရသည်။

“မြို့ပေါ်ကျောင်းတွေကတော့ အကုန်လုံးပြီးပြီ။ မြို့ပေါ်မှာလည်း ကျောင်းအများကြီးမရှိပါဘူး။ နယ်ကျောင်းတွေတော့ ကျန်ဦးမယ်။ ယာယီ ဘုန်းကြီးကျောင်းတွေမှာ သင်နေတာမျိုးတွေရှိပါတယ်” ဟု ပေါက်တော်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။

ရသေ့တောင်မြို့တွင်မူ မိုခါမုန်တိုင်းကြောင့် ကျောင်းပေါင်း ၁၉၈ ကျောင်းပျက်ဆီးခဲ့ရပြီး ယခု ဩဂုတ်လ ပထမ အပတ်တွင် ကျောင်းများအားလုံးကို ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း ပညာရေးဝန်ထမ်းတစ်ဦးထံက သိရသည်။

“ပျက်ဆီးသွားတာ ၁၉၈ ဆောင်ရှိတယ်။ အကုန်လုံးတော့ ပြင်ပြီးပြီ။ ဒီလပထမ အပတ်လောက်ကစပြီး ပြီးသွားတာပါ။ အစိုးရက ချပေးတဲ့ပိုက်ဆံနဲ့ ကုမ္မဏီတွေက လာလုပ်ပေးတာ။ ကျနော်တို့မှာတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနက လာလုပ်ပေးတာပါ” ဟု ရသေ့တောင်မြို့ရှိ ပညာရေးဝန်ထမ်းတစ်ဦးက မဇ္ဈိမ ကိုပြောသည်။

ရခိုင်ပြည်နယ်တွင် ပျက်ဆီးသွားသည့် စာသင်ကျောင်းများအတွက် စစ်ကောင်စီမှ ပြန်လည်ဆောက်လုပ်ရန်နှင့် ပြင်ဆင်ရန် ဘက်ဂျက်ချပေးကာ ဆောက်လုပ်ရေးကုမ္မဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပြီး ဆောက်လုပ်နေသည်ဟု ဒေသခံနှင့် ပညာရေးဝန်ထမ်းများက ပြောသော်လည်း မည်သည့်မြို့နယ်အတွက် ဘက်ဂျက်မည်မျှ ချပေးထားသည်ကိုမူ မသိရှိရကြောင်း ဆိုသည်။

ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဦးတည်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းပေါင်း ၂၁၄၂ ကျောင်းထက်မနည်း ထိခိုက်ပျက်ဆီးခဲ့ရကာ နေအိမ် ၂၈၈,၅၃၀ လုံး ပျက်ဆီးခဲ့ရပြီး စစ်တွေ၊ ရသေ့တောင်၊ ပေါက်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မှ လူ ၁၆၄ ဦး သေဆုံးခဲ့ရကြောင်း ရက္ခိုင့်တပ်တော်(AA) ဖွဲ့စည်းထားသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ (Cyclone Mocha ERRCA) မှ ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly