လက်နက်ကိုင် ၃ ဖွဲ့က NCA လမ်းကြောင်းကို သွေဖည်ပြီး စစ်တပ်ကို ပြန်တိုက်နေဟု စစ်ကောင်စီပြော

By မဇ္ဈိမ 
23 August 2023
လက်နက်ကိုင် ၃ ဖွဲ့က NCA လမ်းကြောင်းကို သွေဖည်ပြီး စစ်တပ်ကို ပြန်တိုက်နေဟု စစ်ကောင်စီပြော

စစ်တပ်အာဏာသိမ်းပြီးနောက် KNU၊ CNF နဲ့ ABSDF လက်နက်ကိုင်အဖွဲ့သုံးဖွဲ့က အန်စီအေ လမ်းကြောင်းကိုသွေဖယ်ပြီး စစ်တပ်ကို ပြန်တိုက်နေတယ်လို့ စစ်ကောင်စီ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

 

NCA ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက အဆိုပြုရေးဆွဲခဲ့တာဖြစ်ပြီး တပ်မတော်အနေနဲ့ NCA လမ်းကြောင်းနဲ့ ပတ်သက်လာရင် အမြဲတမ်းထိန်းသိမ်းဆောင်ရွက်နေတာဖြစ်တယ်လို့လည်းဆိုပါတယ်။

 

ပြီးခဲ့တဲ့ အရပ်သားအစိုးရလက်ထက်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့ ရှိခဲ့ပြီး KNU/KNLA-PC၊ PNLO၊ DKBA၊ LDU၊ ALP၊ NMSP နဲ့ RCSS အဖွဲ့ ၇ ဖွဲ့က စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတာတွေ ဆက်လုပ်နေပါတယ်။

 

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့ကတော့  စစ်တပ်ကို တိုက်နေတယ်လို့ ်ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

 

NCA စာချုပ်ဟာ စစ်တပ်အာဏာစသိမ်းကတည်းက ပျက်သွားပြီဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောကြားထားပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ကတော့  အန်စီအေလမ်းကြောင်းကို ဆက်လက် ကိုင်စွဲသွားမယ်လို့ ကြေညာထားပါတယ်။

 

ခုခံတော်လှန်စစ်ကို ကူညီပံ့ပိုးပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPP နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ကို မတရားအသင်းကြေညာမလားလို့ မေးမြန်းမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယတိပြတ်မဖြေဘဲ သူတို့လုပ်ရပ်အပေါ်မှာပဲ မူတည်တယ်လို့ ပြောပါတယ်။

 

ငြိမ်းချမ်းရေးဆွေးနွေးမှုအနေနဲ့ ၂၀၂၁ ခုနှစ် မတ်လကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့အထိ ဆွေးနွေးမှုပေါင်း ၁၁၉ ကြိမ်အထိရှိခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးခဲ့မှုမှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးမှု ၇၁ ကြိမ်၊ NCA လက်မှတ်မရေးထိုးထားတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးမှု ၂၅ ကြိမ်ရှိခဲ့ကြောင်း ထုတ်ပြန်ပြောဆိုချက်အရ သိရှိရပါတယ်။

 

ဒါ့ပြင် နိုင်ငံရေးပါတီများအပါအဝင် ဘာသာရေးခေါင်းဆောင်၊ ငြိမ်းချမ်းရေးအကျိုးဆောင် Stateholder အဖွဲ့တွေနဲ့ ဆွေးနွေးမှု ၂၃ကြိမ်ရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

 

ယခု ၆လအတွင်း ဇူလိုင်လ ၂၇ရက်နေ့အထိ ငြိမ်းချမ်းရေးဆွေးနွေးမှုပေါင်း ၂၂ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

 

 

 

#PoliticalNews 

#Mizzima

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required