ခုခံတော်လှန်စစ် အောင်ပွဲဟာ စစ်ရေးအရ မဟာမိတ်စုဖွဲ့နိုင်မှုအပေါ်မှာ အများကြီး မူတည်နေကြောင်း NUG ယာယီသမ္မတ ပြော

By မဇ္ဈိမ 
23 August 2023
ခုခံတော်လှန်စစ် အောင်ပွဲဟာ စစ်ရေးအရ မဟာမိတ်စုဖွဲ့နိုင်မှုအပေါ်မှာ အများကြီး မူတည်နေကြောင်း NUG ယာယီသမ္မတ ပြော

ခုခံတော်လှန်စစ် အောင်ပွဲဟာ စစ်ရေးအရ မဟာမိတ်စုဖွဲ့နိုင်မှုအပေါ်မှာ အများကြီး မူတည်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဩဂုတ် ၂၂ ရက် ပြုလုပ်တဲ့ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ ခုလိုပြောလိုက်တာ ဖြစ်ပြီး တော်လှန်ရေးအောင်ပွဲအတွက် စဉ်းစားရမယ့် အခြေခံသဘောတရားတွေထဲမှာ လူထုထောက်ခံမှု ရရှိရေးနဲ့ မဟာမိတ် စုဖွဲ့နိုင်မှုဟာလည်း အရေးကြီးတယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စစ်ရေးမှာ သတင်းလက်ဦးမှု ရယူရေးဟာ အလွန်အရေးကြီးသလို ရန်သူစစ်ကောင်စီရဲ့ စစ်ရေးအရှိုက်ကို ထိုးနှက်နိုင်ဖို့အတွက် အတွင်းသတင်း အခိုင်အမာ ရရှိရေးဟာ အထူးအရေးကြီးတယ်လို့ လည်း  ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။

တော်လှန်ရေးမှာအောင်ပွဲများ ရနိုင်ရန်အတွက် လူထုထောက်ခံမှုရရန် လိုပြီး လူထုထောက်ခံမှုရစေရန် အလုပ်ဖြင့် သက်သေပြကြရန်နဲ့ မဟာမိတ်စုဖွဲ့နိုင်ရန် အရေးကြီးကြောင်း ၊အခုဆိုရင် နွေဦးတော်လှန်ရေးဟာ ၂ နှစ်ကျော် ၃ နှစ်အတွင်းကို ရောက်ရှိလာပြီး ဒီနေရာမှာ အထူးအလေးထားရမယ့် အရေးကိစ္စတွေက ပထမဆုံးအချက်အနေနဲ့က လူထုထောက်ခံမှု ဖြစ်တယ်လို့ဆိုပါတယ်။

နောက်ထပ် ဒုတိယအနေနဲ့ အရေးကြီးတာကတော့ မဟာမိတ်စုဖွဲ့နိုင်မှု ဖြစ်ပြီး နွေဦးတော်လှန်ရေးမှာ လူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဆက်ဆံရေးကို ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အပေါ် အခြေခံပြီး စနစ်တကျ တည်ဆောက်ထားတာကြောင့် ဒါကို ပိုပြီး စည်းနှောင်အားကောင်းတဲ့ မဟာမိတ်ဆက်ဆံရေး ဖြစ်ထွန်းအောင် လုပ်ဆောင်ထားဖို့ လိုအပ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးဟာ လက်နက်ကိုင်လမ်းစဉ်တခုတည်းကို ကိုင်စွဲ လျှောက်လှမ်းနေတာ မဟုတ်ကြောင်းနဲ့ နိုင်ငံရေးနည်းကိုလည်း လူထုတိုက်ပွဲ အခြေခံ မဟာဗျူဟာနဲ့ ကျယ်ကျယ်ပြန့်ပြန့် လျှောက်လှမ်းနေတာဖြစ်ကာ ပြည်သူကို နေ့စဉ် နှိပ်စက်ညှဉ်းဆဲနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေနဲ့ လုပ်ငန်းစဉ်တွေကို အသေးစိတ် ထောက်လှမ်းနိုင်မယ့် ထောက်လှမ်းရေးယန္တရားကို NUG အစိုးရအနေနဲ့ အစောပိုင်း ကာလကတည်းက ဖွဲ့စည်းတည်ဆောက်ထားပြီး ဖြစ်တယ်လို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လူထုနဲ့ တစ်သားတည်း နေထိုင်ရန်နဲ့ လူထုကို ဦးဆောင်ရာမှာ ဖြောင့်ဖြောင့်မတ်မတ်ရှိရန် အထူးလိုအပ်ကြောင်းလည်း ယာယသမ္မတ ဒူဝါလရှီးလက မိန့်ခွန်းထဲမှာထည့်သွင်းပြောကြားသွားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဘက်ကလည်း နယ်စပ်ဒေသတွေတင် မဟုတ်ဘဲ စစ်ကောင်စီစိုးမိုးထားတဲ့ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ ရန်ကုန် နဲ့ ဧရာဝတီတိုင်းနယ်မြေတွေအထိကို ဝင်ရောက်တိုက်ပွဲဝင်ဖို့ စီမံချက်ထားရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောထားပါတယ်။

ဒေသအားလုံးမှာ PDF တပ်ဖွဲ့တွေရှိနေပြီး နယ်စပ်ဒေသတင် မဟုတ်ဘဲ ရန်သူ့စိုးမိုးနယ်မြေထဲကို နက်နက်ရှိုင်းရှိုင်းထိုးဖောက် ဝင်ရောက်တိုက်ပွဲဝင်ဖို့ စီမံချက်ထားရှိတယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောကြားထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly