အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတဲ့စစ်ကောင်စီက NUG၊ PDF နဲ့ တွေ့ဆုံဆွေးနွေးဖို့မရှိဘူးလို့ပြော 

By မဇ္ဈိမ 
23 August 2023
အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတဲ့စစ်ကောင်စီက NUG၊ PDF နဲ့ တွေ့ဆုံဆွေးနွေးဖို့မရှိဘူးလို့ပြော 

အကြမ်းဖက်လို့ ကြေညာထားသူတွေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း သွားစရာမရှိကြောင်းနဲ့ ကြေညာခံထားရတဲ့သူတွေအနေနဲ့ အကြမ်းဖက်အလုပ် ကို မလုပ်တော့ပါဘူးလို့ ကမ္ဘာသိဝန်ခံကြေညာမှသာ တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်း က ပြောဆို လိုက် ပါတယ်။

သြဂုတ် ၂၂ ရက်က ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ရဲ့ တွေ့ဆုံမှုကတဆင့် နောက်ပိုင်းမှာ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းတွေ ပေါ်လာနိုင်လားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး သူက အခုလို ပြောဆိုလိုက်တာပါ။

တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို သွားနိုင်ဖို့ အချက် နှစ်ချက်ကို စစ်ကောင်စီက ပြောခဲ့ပေမဲ့ NUG နဲ့ PDF ဘက်က မလိုက်လျောနိုင်မယ့် စကားလုံးမျိုးကို ရွေးချယ်သွားတယ် လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသူတွေနဲ့ တွေ့ဆုံမှာ မဟုတ်ဘူးလို့ ပြောပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တော့ ငြိမ်းချမ်းရေး ဆက်ဆွေးနွေးသွားဖို့ ရှိတယ်လို့ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

စစ်ကောင်စီအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ EAOs အဖွဲ့တွေနဲ့ ဆောင်ရွက်နေတာတွေ၊ နိုင်ငံရေးတည်ငြိမ်မှုရရှိဖို့အတွက် နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံနေတာတွေ၊ ရှေ့ဆက်သွားမယ့် ရွေးကောက်ပွဲ ဆောင်ရွက်နိုင်ဖို့အတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကိုတော့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

စစ်ကောင်စီက သူတို့ရုံးစိုက်တဲ့ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ခဲ့တာ မှန်ကန်ကြောင်း ဝန်ခံခဲ့ပါတယ်။ ကယားပြည်နယ်ထဲက PDF အကြမ်းဖက်တွေ တိုက်ခိုက်တာလို့ သူကပြောဆိုပါတယ်။ ဒါပေမဲ့ ထိခိုက်ကျဆုံးမှုကိုတော့ ထုတ်ဖော်ပြောမသွားပါဘူး။

တော်လှန်ရေးအင်အားစုတွေဘက်ကတော့ အကြမ်းဖက်လုပ်ရပ်တွေကို စစ်ကောင်စီကသာ ကျူးလွန်နေတာဖြစ်ပြီး စစ်ကောင်စီဟာ တွေ့ဆုံဆွေးနွေးရေးနဲ့ ငြိမ်းချမ်းရေးကို လိုချင်တဲ့အဖွဲ့မဟုတ်ဘူးလို့ ဝေဖန်တုန့်ပြန်လိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်က ပြည်သူအပေါ် အကြမ်းဖက် သတ်ဖြတ်နေတာတွေကို ကာကွယ်ဖို့ တော်လှန်ရေးအင်အားစုတွေက လက်နက်ကိုင် တိုက်ပွဲဝင်နေရတာ ဖြစ်တယ်လို့လည်း တော်လှန်ရေးတိုက်ပွဲဝင်နေသူတွေကပြောပါတယ်။

စစ်ကောင်စီဟာ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေအသုံးချပြီး ဖိနှိပ်ကြောင်း၊ စစ်တပ်ဟာ ရွာတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေကို လေကြောင်းကနေ တိုက်ခိုက်ဖျက်ဆီးတယ်လို့ အမေရိကန်က ကြေညာထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required