နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၂ ဩဂုတ် ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၂ ဩဂုတ် ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ကရင်နီ(ကယား)ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း တော်လှန်ရေးတပ်ဖွဲ့များက အကြမ်းဖက် စစ်တပ်ထံမှ တင့်ကား ၁ စီး သိမ်းဆည်းရရှိထားပြီး NUG အစိုးရက ယင်းသို့ သိမ်းဆည်းရရှိမှုအတွက် ဆုချီးမြှင့်မည်ဖြစ်ကြောင်း  NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီး မြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။ 

  • အကြမ်းဖက်စစ်ကောင်စီက ပြည်တွင်းတွင် ဒေါ်လာကိုင်ဆောင်သူများကို အရေးယူမည်ဟု ကြေညာချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ နွေဦးဘဏ်တွင် အမေရိကန် ဒေါ်လာများ အလွယ်တကူ အပ်နှံ သိမ်းဆည်း နိုင်ကြောင်း နွေဦးဘဏ်က တရားဝင် အသိပေး ကြေညာသည်။ 

  • တော်လှန်ရေးတွင် အောင်ပွဲများ ရနိုင်ရန်အတွက် လူထုထောက်ခံမှုရရန် လိုပြီး လူထုထောက်ခံမှုရ စေရန် အလုပ်ဖြင့် သက်သေပြကြရန်နှင့် မဟာမိတ်စုဖွဲ့နိုင်ရန် အရေးကြီးကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းဝေးတွင် ပြောကြားသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း ဩဂုတ် ၂၂ ရက်တွင် အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ထိုးလာသည့်အတွက် ဒေသခံပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ ပြည်သူများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ် ၂၂ ရက်တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဩဂုတ် ၂၂ ရက်တွင် စစ်အာဏာရှင်တော်လှန်ရေး ချီတက် ဆန္ဒပြ ခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ဩဂုတ် ၂၀ ရက်၊ နံနက်ပိုင်းက အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း Myanmar Defense Force Shwebo အဖွဲ့ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ နွားခြံကုန်းကျေးရွာအနီးတွင် ဩဂုတ် ၂၀ ရက်က ဖြစ်ပွားသည် တိုက်ပွဲတွင် အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးပြီး အကြမ်းဖက်စစ်တပ်မှ တပ်စိပ်မှူး ထွန်းဝင်း ကို အရှင်ဖမ်းမိကာ ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း Union Liberation Front–ULF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာမြွေတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များ ထွက်ခွာသွားချိန် စစ်တပ် တပ်စွဲထားခဲ့သော တပ်စခန်းအဟောင်းကို ဩဂုတ် ၂၀ ရက်၊ ညပိုင်းက PDF များက မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။ 

  • မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာကျေးရွာရှိ စစ်ဆေးရေးဂိတ်ကို ဩဂုတ် ၂၂ ရက်၊ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံးခဲ့ပြီး သေနတ် ၁ လက် သိမ်းဆည်း ရမိခဲ့ကြောင်း Anonymous Special Task Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီ(ပျူစောထီး)ရွာကို ဩဂုတ် ၁၉ ရက်၊ မွန်းလွဲပိုင်းက ဗုံးသီး အလုံး ၈၀ ကျော် နှင့် ရော့ကတ် ၂၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး သေဆုံးကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • မကွေးတိုင်း၊ ရေနံချောင်းမြို့မဈေးအတွင်းသို့ ဈေးဝယ်ထွက်လာသည့် အကြမ်းဖက် စစ်သား ၂ ဦးကို ဩဂုတ် ၂၁ ရက်၊ ညနေ ၅ နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ ၊ မကွေးခရိုင် အမှတ် ၂ တပ် ရင်းမှ ဗိုလ်စံသျှားက ပြောသည်။ 

  • မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၆၈ လမ်း၊ ၁၀၁ လမ်း(သိပ္ပံလမ်း)နှင့် ၁၀၂ လမ်းကြားရှိ ရသုံးမှန်း ခြေ ငွေစာရင်းရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force – NMD တပ်ဖွဲ့ထံမှ သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ဩဂုတ် ၂၀ ရက်က ရဲ ၂ ဦး လက်နက်ဖြင့် အလင်းဝင် လာသောကြောင့် တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း PDF-Zoland တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ 

  • ကရင်နီ(ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ တနီးလာလဲကျေးရွာအတွင်းရှိ ပြည်သူ့ နေအိမ်တစ်လုံးကို ဩဂုတ် ၂၂ ရက်၊ နံနက်အစောပိုင်းမှ စတင်ကာ အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။ 

  • ကရင်နီ (ကယား) ပြည်နယ်ရှိ ကရင်နီပြည်ရဲတပ်ဖွဲ့မှ CDM ရဲတပ်သားများကို ကျေးလက်မြေအဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက် နှင့် ဒါရိုက်တာ မမူစဲတို့က တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်း ထောက်ပံ့ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

  • ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက် ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ - ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီ 

  • ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး အလေးထား ဆောင်ရွက် နေသည်ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ရေး ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ဩဂုတ် ၂၂ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

  • ပို့ကုန်တင်ပို့သူများကို အကျိုးရှိအောင် ဆောင်ရွက်နိုင်ရန် အတွက် အားပေးချီးမြှင့်နိုင်ရေး ဆောင်ရွက်နေသည်ဟု စစ်ကောင်စီ သတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

  • သွင်းကုန်တန်ဖိုး မြင့်တက်မှု နှင့် ကုန်သွယ်မှုလိုငွေ မြင့်မားလာသည့်အတွက် ငွေကြေး ဖောင်းပွမှုနှုန်း အထိုက်အလျောက် မြင့်တက်နေခြင်း ဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာလင်းအောင်က ဩဂုတ် ၂၂ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

  • ၂၀၂၁ခုနှစ် မတ်လမှ ၂၀၂၃ခုနှစ် ဇူလိုင်လ ၂၇ရက်နေ့အထိ ငြိမ်းချမ်းရေးဆွေးနွေးမှုပေါင်း ၁၁၉ကြိမ်အထိရှိခဲ့ကြောင်း စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ 

  • ယခုနှစ်တွင် မြန်မာအပါအဝင်ကမ္ဘာ့နိုင်ငံများတွင်အယ်နီညိုသက်ရောက်မှုရှိမည်ဖြစ်သော်လည်း မြန်မာနိုင်ငံ‌အနေဖြင့် မိုးစပါးထွက်ပြီးချိန်‌ရောက်မှအယ်နီညိုသက်ရောက်မှုရှိမည်ဖြစ်၍ ဆန်စပါးထွက်ရှိမှုကို မထိခိုက်နိုင်ကြောင်း စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင်ပြောသည်။ 

ဩဂုတ် ၂၂ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီက ရွေးကောက်ပွဲပြုလုပ်ပေးမည်ဟု လေသံပစ်ထားသော်လည်း ယခုအခါ နေ့ရွှေ့ ညရွှေ့ပြုလုပ်ပြီး ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူပြီးမှ ကျင်းပနိုင်သည်ဟု လေသံ ပြောင်းလာသည်ကို တွေ့ရသည်။ 

  • စစ်ကောင်စီက စီမံခန့်ခွဲမှု အလွဲအမှားများကြောင့် ငွေကြေးဖောင်းပွမှု ဖြစ်နေသည်ကို ဝန်မခံဘဲ သွင်းကုန်တန်ဖိုး မြင့်တက်မှုများ နှင့် ဝိသမလောဘသားများကြောင့် ဖြစ်သည်ဟု အပြစ်ဖို့နေ သည်ကို တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly