ဟီလာရီကလင်ကို သမ္မတဖြစ်ရန်အရည်အချင်းမမီသူဟု ဘာနီဆန်းဒါးစ် တိုက်ခိုက်

ဟီလာရီကလင်ကို သမ္မတဖြစ်ရန်အရည်အချင်းမမီသူဟု ဘာနီဆန်းဒါးစ် တိုက်ခိုက်

ဝါရှင်တန်၊ဧပြီ၊ ၇ ။           ။ လာမည့်အမေရိကန်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းဖြစ်ခွင့်ရရန်ယှဉ်ပြိုင်နေသည့် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ကို သူမ၏ အဓိကပြိုင်ဘက်ဘာနီဆန်းဒါးစ်က သမ္မတဖြစ်ရန် အရည်အချင်းမမီသူဟု ဝေဖန်တိုက်ခိုက်လိုက်သည်။

ဟီလာရီကလင်တန်က သူ့ကိုသမ္မတလုပ်ရန်အရည်အချင်းမမီသူဟု ပြောခဲ့သည်ဟု ဘာနီဆန်းဒါးစ်က စွပ်စွဲလိုက်ကာ တကယ်တမ်းတွင် သမ္မတလုပ်ရန်အရည်အချင်းမမီသူမှာ သူမဟုတ်ဘဲ ဟီလာရီကလင်တန်သာဖြစ်သည်ပြု တုံ့ပြန် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

ဟီလာရီကလင်တန်သာသူမ၏ နိုင်ငံရေးရန်ပုံငွေရှာဖွေရေးအဖွဲ့ထံမှတဆင့် ဒေါ်လာသန်းနှင့်ချီပြီး ရန်ပုံငွေရယူခဲ့ပါက တကယ်တမ်း သမ္မတလုပ်ရန်အရည်အချင်းမမီသူမှာ သူမသာ ဖြစ်လိမ့်မည်ဟု ဘာနီဆန်းဒါးစ်က ပြောကြားခဲ့သည်။

ဘာနီဆန်းဒါးစ်၏ အဆိုပါပြောကြားချက်နှင့်ပတ်သတ်ပြီး ဟီလာရီကလင်တန်၏ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ က ချက်ချင်းဆိုသလို ပြန်လည်တုံ့ပြန်ခဲ့သည်။

'' ဟီလာရီကလင်တန်က ဘာနီဆန်းဒါးစ်ဟာ အရည်အချင်းမမီတဲ့သူလို့ မပြောခဲ့ပါဘူး။ အခုတကယ်အဲဒီလို ပြောလိုက်တာက သူပါပဲ '' ဟု ဟီလာရီကလင်တန်၏ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က တွစ်တာစာမျက်နှာမှတဆင့် တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

ဘာနီဆန်းဒါးစ်သည် သေသေချာချာမလေ့လာဘဲစွပ်စွဲခဲ့ခြင်းဖြစ်ကြောင်း၊ ဟီလာရီကလင်တန်က အမှန်တကယ်ပြောခဲ့ သည်မှာ ဘာနီဆန်းဒါးစ်အနေနှင့် မဲဆွယ်စည်းရုံးရာတွင် ပြောနေသည့်အရာများကို အမှန်တကယ်လုပ်နိုင်စွမ်း ရှိ၊ မရှိ ဆိုသည်ကို မဲဆန္ဒရှင်များအနေနှင့် စဉ်းစားသုံးသပ်ဟုပြောကြားခဲ့ခြင်းသာဖြစ်ကြောင်း ဟီလာရီကလင်တန်၏ ကိုယ်စားလှယ်များက ပြောကြားသည်။

ဒီမိုကရက်တစ်ပါတီသမ္မတလောင်းမည်သူဖြစ်လာနိုင်သည်ကို မကြာသေးမီက စစ်တမ်းတစ်ရပ်ကောက်ယူခဲ့ရာ ဟီလာရီကလင်တန်က ၅၄ ရာခိုင်နှုန်း ရရှိခဲ့ပြီး ဘာနီဆန်းဒါးစ်က ၄၂ ရာခိုင်နှုန်း ရရှိခဲ့သည်။

ဟီလာရီကလင်နှင့် ဘာနီဆန်းဒါးစ်တို့သည် ဧပြီလ၊ ၁၄ ရက်နေ့၌ နယူးယောက်မြို့တွင် ရင်ဆိုင်ပြီး စကားစစ်ထိုးသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly