ဆားလင်းကြီး ချည်မျှင်နှင့်အထည်စက်ရုံ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ

By လွှမ်းမိုး (မဇ္ဈိမ)
22 August 2023
ဆားလင်းကြီး ချည်မျှင်နှင့်အထည်စက်ရုံ၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ရှိ အမှတ်(၆) ချည်မျှင်နှင့်အထည်စက်ရုံ၌ တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၅ နာရီခွဲက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Hero Fighter တပ်ဖွဲ့ထံမှ သိရသည်။

“လက်နက်ကြီးတွေ ဖြစ်တဲ့ ၆၀ မမ ၊ ၈၀ မမ ၊ ၄၀ မမ တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စက်ရုံ အဆောက်အဦးတွေပျက်စီးခဲ့ပြီး စစ်သားသေဆုံးမှုလည်းရှိပေမယ့် အသေးစိတ် အတည်မပြုနိုင်သေး ပါ ဘူး”ဟု  Hero Fighter တပ်ဖွဲ့မှ ဗိုလ်သူရိန်က ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို Hero Fighter (SALINGYI) ၊ ယင်းမာပင်ခရိုင် အမှတ်(၃၅) တပ်ရင်း ၊ Chindwin Dynamite နှင့် ဒေသတွင်း ညီနောင်မဟာမိတ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့‌ကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများ အထိုင်ချတပ်စွဲနေထိုင်ရာဖြစ်သည့်အတွက် တပတ်ခန့်အချိန်ယူကာ ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရသည်ဟု ဆိုသည်။

ဆားလင်းကြီးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရဲစခန်း၊ ထွေအုပ်ရုံး၊ ချည်မျှင်နှင့်အထည်စက်ရုံ တို့၌တပ်စွဲနေထိုင်ပြီး ယခုစစ်ဆင်ရေးဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မြို့တောင်ဘက်၌ ကင်းပုန်း များချထားကြောင်း Hero Fighter တပ်ဖွဲ့ ထံမှ သိရသည်။

စာတည်း။      ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

#စစ်ကိုင်းတိုင်း
#ဆားလင်းကြီးမြို့
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

ရုပ်သံအညွှန်း-ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်နေသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။(ဓာတ်ပုံ-Hero Fighter)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly