ထိုင်းနိုင်ငံကို ပြန်ရောက်လာသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောင်ဒဏ်ချမှတ်ခံရ

ထိုင်းနိုင်ငံကို ပြန်ရောက်လာသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောင်ဒဏ်ချမှတ်ခံရ
Photo: EPA

ပြည်ပတွင် ၁၅ နှစ်ကြာ တိမ်းရှောင်နေထိုင်ရာမှ ယနေ့ ဩဂုတ် ၂၂ ရက်တွင် နိုင်ငံသို့ ပြန်လာသော ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာသည် နိုင်ငံသို့ ပြန်ရောက်ရောက်ချင်းမှာပင် ထောင်ဒဏ် ရှစ်နှစ် ကျခံစေရန် ညွှန်ကြားခံရသည်။

သို့သော် ၎င်း၏ ပါတီက အာဏာပြန်ရရန် နီးစပ်နေခြင်းကြောင့် သက်ဆင်၏ အကျဉ်းကျခံရမည့်ကာလက စောလျင်စွာ ပြီးမြောက်အဆုံးသတ်နိုင်ဖွယ် ရှိသည်။

ဘီလျံနာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ဒေသစံတော်ချိန် မနက် ၉ နာရီက ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ဘန်ကောက်၏ ဒွန်မောင်းလေဆိပ်သို့ ဆိုက်ရောက်လာခဲ့ရာ စာတန်းများ ဝှေ့ရမ်းပြီး သီချင်းများ ဆိုနေကြသည့် “ရှပ်နီ” ထောက်ခံသူ ရာနှင့်ချီတို့က ကြိုဆိုခဲ့ကြသည်။

အသက် ၇၄ နှစ်ရှိ သက်ဆင်သည် လေဆိပ် terminal အဆောက်အအုံမှ တခဏမျှ ပေါ်လာပြီး လေးစားဂါရဝထားမှုကို ပြသသည့်အနေဖြင့် ဘုရင် မဟာ ဝီဇယလောင်ကွန်း၏ ပုံတူတခုရှေ့၌ ဦးညွှတ်ဂါရဝပြုခဲ့သည်။
မန်ချက်စတာစီးတီး ဘောလုံးအသင်း ပိုင်ရှင်ဟောင်း သက်ဆင်ကို နိုင်ငံတော်တရားရုံးချုပ်သို့ ခေါ်ဆောင်သွားချိန် လမ်းတလျှောက်တွင် ရှပ်နီထောက်ခံသူများ စီတန်း စောင့်ကြိုခဲ့ကြသည်။

ယင်းနောက် သက်ဆင်သည် မျက်ကွယ်တွင် ချမှတ်ခံထားရသည့် ပြစ်ဒဏ်စီရင်မှု သုံးခုအတွက် ထောင်ဒဏ် ရှစ်နှစ် ကျခံစေရန် နိုင်ငံတော် တရားရုံးချုပ်က ညွှန်ကြားသည်။ ထိုပြစ်ဒဏ်စီရင်မှု သုံးခုသည် ၎င်း၏ ယခင် Shin Corp ကုမ္ပဏီ၊ ဘဏ်ချေးငွေနှင့် ထီဖွင့်သည့်ကိစ္စတို့နှင့် ဆက်နွယ်ပတ်သက်နေသည်။

သက်ဆင်အနေဖြင့် အချိန်မည်မျှကြာ အကျဉ်းထောင်တွင် ဆက်နေရမည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required