ကလေးမြို့နယ်တောင်ပိုင်းမှ သာစည်ရွာတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဝင်ရောက်တပ်စွဲပြီး မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများကပြောသည်။
စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်း အင်အား ၃၇၀ခန့်သည် ဩဂုတ်လ ၁၄ရက်မှ စတင်ပြီး သာစည်ရွာကို ဝင်ရောက်လာကာ ယနေ့ ဩဂုတ်လ ၂၂ရက်အထိ တပ်စွဲထားပြီး ပြည်သူပိုင်နေအိမ်များအား မီးရှို့နေခြင်းဟု ဆိုသည်။
“အဲဒီစကစတွေက ကျနော်တို့ရွာမှာ တော်လှန်ရေးတပ်သားတွေနေတယ်ဆိုပြီး စစ်ကြောင်းထိုးပြီး မီးတင်ရှို့နေတာပါ။ တကယ်က တော်လှန်ရေးသမားတွေက ရွာမှာမနေပါဘူး” ဟု ဒေသခံတဦးကပြောသည်။
လတ်တလော မီးရှို့ဖျက်ဆီးခံရမှုကြောင့် ဩဂုတ်လ ၁၄ရက်မှ ဩဂုတ်လ ၂၂ရက်အထိ ကိုးရက်တာအတွင်း သာစည်ရွာမှ အိမ်ခြေ ၂၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့သည်ဟု ဒေသခံများက ပြောသည်။
“ကျနော်တို့ ရွာထဲကို လုံးဝတိုးလို့မရပါဘူး။ ရွာနားကပ်ရင်လှမ်းပစ်တယ်။ခန့်မှန်းခြေ အိမ်ခြေ ၂၀၀နီးပါးလောက်တော့ မီးလောင်သွားပြီ” ဟု ဒေသခံတဦးက ယနေ့အခြေအနေကို ပြောသည်။
ဩဂုတ်လ ၁၄ရက်နေ့က သာစည်ရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ဝင်ရောက်လာစဉ်ကလေးမြို့ရှိ ခြေလျင်တပ်ရင်း ခလရ (၂၂၈)၊ အမြောက်တပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်( ဒကစ)နှင့် ထောက်ပို့အထိုင်တပ်များက လေကြောင်းရောလက်နက်ကြီးပါ အသုံးပြုပစ်ခတ်ပြီး စီးနင်းဝင်ရောက်လာခြင်းဟုသိရသည်။ယင်းသို့ပစ်ခတ်မှုကြောင့် ဒေသခံတဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
စစ်တပ်နှင့်အတူပါလာသည့် ပျုစောထီးများမှာ ကလေးမြို့တောင်ပိုင်းရှိ ဆည်တော်ဦး ၊တောင်အူ ၊ ပြင်သာရွာအစရှိသည့်ရွာများမှဖြစ်ပြီး ပျုစောထီးများအနေဖြင့် ပြည်သူပိုင်အိမ်များကို ယင်းသို့ မဖျက်ဆီးသင့်ကြောင်း ကလေးမြို့ခံများက ပြောသည်။
" နောင်တချိန် တော်လှန်ရေးကာလအလွန်မှာ အဲ့ဒီရွာတွေက ပျူတွေအနေနဲ့ ပြည်သူအချင်းချင်း ဘယ်လိုမျက်နှာပြကြမလဲ"ဟု သာစည်ရွာခံတဦးက မေးခွန်းထုတ်သည်။
သာစည်ရွာသည် အိမ်ခြေ ၂,၀၀၀ခန့်ဝန်းကျင်ရှိပြီး ကလေးမြို့မှ သုံးမိုင်ခန့်အကွာ ကလေး - ဂန့်ဂေါကားလမ်းမပေါ် တည်ရှိသည်။လတ်တလောတွင် စစ်ကောင်စီတပ်က ဖုန်းလိုင်းများပါ ဖြတ်တောက်ထားပြီးဒေသခံများသည် ဘေးလွတ်ရာတွင် တိမ်းရှောင် နေကြရကြောင်း သိရသည်။
စာတည်း - အေးချမ်း