မန္တလေးမှ တိုင်းရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရုံးကို NMD ဗုံးပစ်တိုက်ခိုက်

By 007 (မဇ္ဈိမ)
22 August 2023
မန္တလေးမှ တိုင်းရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရုံးကို NMD ဗုံးပစ်တိုက်ခိုက်

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၆၈ လမ်းနှင့်သိပ္ပံလမ်းအနီးရှိ စစ်ကောင်စီလက်အောက်ခံ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနရုံးကို ယမန်နေ့ ဩဂုတ်လ ၂၁ ရက် နံနက် ၁၀ နာရီခန့်က လက်ပစ်ဗုံးဖြင့်သွားရောက်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defence Force-NMD အဖွဲ့က သတင်းထုတ်ပြန်သည်။

“စကစ(စစ်ကောင်စီ)ရဲ့ဘဏ္ဍာရေးယန္တရားလည်ပတ်စေဖို့ အဓိကအလုပ်လုပ်ပေးနေတဲ့ ရုံးဖြစ်လို့ ပစ်မှတ် ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်၊ တိုက်ခိုက်ချိန် ရုံးထဲမှာ ဝန်ထမ်းတွေရှိနေတယ်၊ ကားတစီးပျက်စီးပြီး အထိအခိုက်ရှိနိုင်တယ်” ဟု NMD အဖွဲ့ တာဝန်ရှိသူတဦးက ပြောသည်။

လက်ပစ်ဗုံးသည် ရုံးအဆောက်အအုံ၏ မှန်ပြတင်းအားထိမှန်ပြီး အဆောက်အအုံနှင့် ဘေးတွင်ရပ်ထား သော အနက်ရောင် Kluger ကားကြား ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ် ဖွဲ့နှင့် လူမှုရေးအသင်းကားနှစ်စီးရောက်လာကာ ရုံးအနီးဝန်းကျင်နှင့် ရပ်ကွက်အတွင်း ရှာဖွေစစ်ဆေးမှု များပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

“ဆေးရုံကား အဝင်အထွက်ရှိတယ်ဆိုတော့ လူထိခိုက်မှုရှိတာ သေချာတယ်။ အဲဒီရုံးက အပြင်လူ အဝင် အထွက်သိပ်မလုပ်ရတဲ့ရုံးဆိုတော့ ဝန်ထမ်းတွေပဲရှိတာများတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။

မန္တလေးမြို့တွင် ဩဂုတ်လ ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ စစ်ကောင်စီ၏နေရာ ခုနစ်ခုထက်မနည်း တိုက် ခိုက်ခံထားရပြီး NMD တဖွဲ့တည်းက ခု‌နစ်နေရာတိုက်ခိုက်ထားကြောင်း သိရသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly