မြန်မာ့အရေး သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ဆွေးနွေးပွဲပြုလုပ် အဖြေရှာဖို့ အင်ဒိုနီးရှား ကြိုးပမ်းနေ 

By မဇ္ဈိမ 
22 August 2023
မြန်မာ့အရေး သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ဆွေးနွေးပွဲပြုလုပ် အဖြေရှာဖို့ အင်ဒိုနီးရှား ကြိုးပမ်းနေ 

မြန်မာ့အရေး သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေနဲ့ ဖြေရှင်းဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ပြောကြားလိုက်ပါတယ်။

မကြာခဏမီးမောင်းထိုးပြခံနေရတဲ့ မြန်မာ့အရေးဟာ အာဆီယံကိုယ်တိုင်အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတယ် လို့လည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က  သြဂုတ်လ ၂၁ရက်နေ့ကကျင်းပတဲ့  အနောက်ဆူမားတြားက ဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။

အင်ဒိုနီးရှားဟာ အာဆီယံဥက္ကဋ္ဌအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကျင်းပနိုင်ရေးလိုမျိုး ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး ဖြေရှင်းနည်းတွေရဖို့ အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်လို့လည်း သူကပြောပါတယ်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်သက်တမ်း မကုန်ခင် မြန်မာ့အရေးအတွက် အဖြေရှာနိုင်မယ့် နည်းလမ်းတွေ ချမှတ်နိုင်အောင် ကြိုးပမ်းဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) အဖွဲ့က မကြာသေးခင်ကပဲ တိုက်တွန်းခဲ့ပြီးနောက်အခုလို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးရဲ့ မှတ်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကတော့ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရဖို့ဟာ သက်ဆိုင်သူအားလုံး၊ အထူးသဖြင့် စစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်တွေအပေါ်မှာ မူတည်တယ်လို့လည်း ပြောပါတယ်။ 

မြန်မာ့အရေး ဖြေရှင်းဖို့ ကြိုးပမ်းရာမှာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အကြိမ် ၆၀ ကျော် ထိတွေ့ဆက်ဆံခဲ့ပြီး သံတမန်ရေးအရ ချဉ်းကပ်တဲ့ နည်းလမ်းကို သုံးခဲ့တယ်လို့လည်း ပြောဆိုထားပါသေးတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနဲ့ သံတမန်ရေးရာ ညွှန်ကြားရေးမှူးချုပ် Teuku Faizasyah ကလည်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာစစ်ကောင်စီ အနေနဲ့ လေးစားလိုက်နာမှု ရှိစေရေး တစိုက်မတ်မတ် တွန်းအားပေးဆောင်ရွက်ခဲ့သလို၊ စစ်ကောင်စီကို အတိုက်အခံ လုပ်နေတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ဆက်သွယ်ဆောင်ရွက်လျှက်ရှိတယ်လို့ ပြောပါတယ်။ 

ပဋိပက္ခတွေ ကင်းစင်တဲ့ နိုင်ငံတခုဖြစ်ဖို့နဲ့ ငြိမ်းချမ်းရေးအတွက် အခြေခံအုတ်မြစ်ကို ဆွေးနွေးရာမှာ အချိန်ယူဖို့ လိုအပ်သလို ချက်ချင်းပြီးမြောက်ဖို့မလွယ်ကူနိုင်ဘူးလို့လည်း သူကပြောပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ ကျန်နေတဲ့ အချိန်ကို မြန်မာပြည် ဒီမိုကရေစီရေးအတွက် ထိရောက်အောင် လုပ်ဆောင်ဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) ကလည်း တိုက်တွန်းထားတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly