NCA ရဲ့ အနှစ်သာရကို ကိုင်ဆွဲထားဆဲဖြစ်ကြောင်း RCSS ပြော

By မဇ္ဈိမ 
22 August 2023
NCA ရဲ့ အနှစ်သာရကို ကိုင်ဆွဲထားဆဲဖြစ်ကြောင်း RCSS ပြော

NCA အကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ရှေ့မတိုးနိုင်ဖြစ်နေပေမယ့်လည်း ယနေ့အထိ NCA ရဲ့ အနှစ်သာရကို စွဲကိုင်ထားဆဲဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)က ပြောကြားလိုက်ပါတယ်။

တချို့အဖွဲ့အစည်းတွေကြားမှာ NCA စာချုပ် ပျက်ပြယ်သွားပြီဆိုတာမျိုး ပြောဆိုနေပေမယ့် RCSS အနေနဲ့ ငြိမ်းချမ်းရေးကို ရှေးရှုပြီး လက်မှတ်ရေးထိုးထားတာဖြစ်လို့ NCA ပျက်ပြယ်သွားပြီလို့ မဆိုနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ဒီနေ့အထိ NCA ရဲ့အနှစ်သာရကို ကိုင်ဆွဲထားဆဲဖြစ်တယ်လို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) က ဩဂုတ်လ ၂၁ ရက်ဒီနေ့မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

သြဂုတ်လ ၁၈ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ RCSS ဌာချုပ်ဖြစ်တဲ့ လွိုင်တိုင်းလျဲန်းမှာ ကျင်းပတဲ့ ခြောက်လပတ် အစည်းအဝေးအပြီးမှာ အခုလိုထုတ်ပြန်လာတာ ဖြစ်ပါတယ်။

နှစ်ပေါင်းများစွာ ကြုံတွေ့နေရတဲ့  နိုင်ငံရေး၊ စစ်ရေးပြဿနာများ ဖြေရှင်းရာမှာ အဖက်ဖက်အနေဖြင့် ယုံကြည်မှုတည်ဆောက်ကာ တွေ့ဆုံဆွေးနွေးခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ RCSS ဘက်က မှတ်ချက်ပြုထားပါတယ်။

ဒါ့အပြင် NCA ဟာ တွေ့ဆုံဆွေးနွေးခြင်း လမ်းကြောင်းမှတစ်ဆင့် တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲရန်ဖြစ်ပေမယ့်လည်း အလျှော့အတင်းမလုပ်နိုင်တာကြောင့် NCA အကောင်အထည်ဖော်ဆောင်ခြင်းလုပ်ငန်းများ ရှေ့မတိုးနိုင်ဖြစ်ခဲ့ရတယ်လို့လည်း RCSS က ပြောပါတယ်။

NCA ဟာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေအပြင် ကုလသမဂ္ဂ (UN)၊ ဥရောပသမဂ္ဂ (EU)၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန် စတဲ့နိုင်ငံတွေကပါ အသိသက်သေနဲ့ပါဝင် လက်မှတ်ရေးထိုးထားတာ ဖြစ်တယ်လို့ဆိုပါတယ်။

NCA စာချုပ်ကို ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နဲ့ စတင် လက်မှတ်ရေးထိုးခဲ့ကြတာပါ။

အဲဒီအချိန်က ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP)နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့ ပါဝင်ခဲ့ပါတယ်။

NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်မှာတော့ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့ပါ လက်မှတ်ရေးထိုးခဲ့တာကြောင့် NCA စာချုပ်မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့ ဆယ်ဖွဲ့ရှိလာပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့တွေက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတာမျိုး မရှိပါဘူး။

NCA ထိုးထားပြီးသားထဲက ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့ကတော့ စစ်ကောင်စီနဲ့ နေပြည်တော်မှာ မကြာခဏ တွေ့ဆုံဆွေးနွေးလေ့ရှိပါတယ်။

စစ်တပ်ရဲ့ မတရားအာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ပျက်ပြယ် သွားပြီလို့ ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံးရဲ့  အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ပဒိုစောတာဒိုမူးက ဩဂုတ်လ (၁၀) ရက်တွင်  ပြုလုပ်တဲ့ (၁၇)ကြိမ်မြောက် အစည်းအရုံး ကွန်ဂရက်အပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required