အာဏာသိမ်းကာလ နှစ်နှစ်ခွဲအတွင်း တိုက်ပွဲပေါင်း ၁၀,၀၀၀ ကျော် ဖြစ်ပွားခဲ့

By မဇ္ဈိမ 
22 August 2023
အာဏာသိမ်းကာလ နှစ်နှစ်ခွဲအတွင်း တိုက်ပွဲပေါင်း ၁၀,၀၀၀ ကျော် ဖြစ်ပွားခဲ့

အာဏာသိမ်းမှုအလွန် နှစ်နှစ်ခွဲကာလအတွင်း နိုင်ငံအနှံ့မှာ လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲပေါင်း ၁၀,၁၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar ကသြဂုတ်လ ၂၁ ရက်နေ့ကထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတဝန်းမှာ တိုက်ပွဲပေါင်း ၂,၃၀၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး အဲ့ဒီအထဲက ၄၈ ရာခိုင်နှုန်းကျော်ဟာ EAOs၊ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့အကြား ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် အခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်မှု ကျဆင်းခဲ့ရာကနေ ဇူလိုင်လထဲမှာ ပြန်လည်မြင့်တက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံအနှံနီးပါး စစ်မျက်နှာဖွင့်ထားတဲ့ စစ်ကောင်စီတပ်ဟာ တော်လှန်ရေးအင်အားစုတွေကို စစ်ဆင်တိုက်ခိုက်ရာမှာ ပစ်မှတ်မခွဲခြားတဲ့ စစ်ဆင်ရေးတွေ ပြုလုပ်လာတယ်လို့ ISP-Myanmarကအစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

အစီရင်ခံစာအရ စစ်တပ်အနေနဲ့ စစ်အင်အား လျော့ပါးနေပြီလားဆိုတဲ့ သုံးသပ်ချက်တွေနဲ့အတူ တစ် ဖက်မှာ စစ်ရေးအရအသာစီးရနိုင်တဲ့ လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးနဲ့ အတွဲလိုက်ပစ် ဒုံးလက် နက်တွေ၊ ဗျူဟာမြောက် စစ်ဆင်ရေးတွေနဲ့ နိုင်ငံအနှံ့အပြားမှာ ရင်ဆိုင်ထားနိုင်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေမှာ စစ်ကောင်စီတပ်ဟာ လက်နက်ကိုင်နဲ့ အရပ်သားပြည်သူ မခွဲခြားဘဲ စစ်ဆင်တိုက် ခိုက်မှုတွေကြောင့် လူနေကျေးရွာတွေနဲ့ မြို့တွေ ပျက်စီးဆုံးရှုံးတာတွေ ပိုများလာတာတွေ့ရပြီး အရပ် သားသေဆုံးမှု ကိန်းဂဏန်းတွေကလည်း တိုးလာနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ကလေးသူငယ်တွေအပါအဝင် အရပ်သားပြည်သူ ၁၀၀ ကျော်အထိ သေဆုံးခဲ့ရတဲ့ ပဇီကြီးကျေးရွာက စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကျုးလွန်ခဲ့တဲ့ဖြစ်ရပ်ဟာ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့အင်အားကြီး နိုင်ငံအသီးသီးက ပြစ်တင်ရှုတ်ချခဲ့တဲ့အထိ ဆိုးရွားစွာ ဖြစ်ပွားခဲ့တာပါ။

ISP-Myanmar ရဲ့ အချက်အလက်တွေအရ အာဏာသိမ်း နှစ်နှစ်ကျော်ကာလအတွင်း အရပ်သားသေဆုံးမှု ၉,ဝဝဝ နီးပါးရှိလာတဲ့အပြင် နေအိမ်အပါအဝင် အဆောက် အအုံတွေ မီးရှို့ ဖျက်ဆီးခံရတာလည်း အရေအတွက်အနေနဲ့ရှစ်သောင်းကျော်လာပြီလို့ ဆိုပါတယ်။

စစ်တပ်နဲ့အဖွဲ့ပေါင်းစုံရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs/LDFs) တွေကြားက တိုက်ပွဲတွေဟာ တဖြည်းဖြည်းနဲ့ ပိုများလာသလို ဒီနှစ်ထဲမှာ EAOs တွေနဲ့ PDFs တွေရဲ့ ပူးတွဲစစ်ဆင်ရေးတွေလည်း ပိုများလာတယ်လို့ISP-Myanmar က ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly