“ရခိုင်လူမျိုးတွေ လွယ်လွယ်နဲ့ ဒေါသထွက်တာကို ထိန်းဖို့လိုအပ်တယ်”

“ရခိုင်လူမျိုးတွေ လွယ်လွယ်နဲ့ ဒေါသထွက်တာကို ထိန်းဖို့လိုအပ်တယ်”

ဧပြီ ၇ ရက်၊ ၂၀၁၆ ခုနှစ် ။            ။ ရခိုင်အမျိုးသားပါတီရဲ့ ဇန်နဝါရီ ၁၉ ရက်နေ့စွဲနှင့် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေအရ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ခွင့်မရရင် အတိုက်အခံအဖြစ် ရပ်တည်သွားမယ်ဆိုပေမယ့် ဧပြီ ၇ ရက်နေ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အမည်စာရင်းကို တရားဝင် ကြေညာချိန်မှာ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ်တစ်ဦး ပါဝင်လာပါတယ်။ ကျောက်ဖြူမဲဆန္ဒနယ်အမှတ် (၁) က ဦးကျော်လွင် ဖြစ်ပါတယ်။ ဦးကျော်လွင်ကို စိုက်ပျိုးရေးနှင့် မွေးမြူရေး၊ သတ္တုနှင့် သစ်တောဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တာပါ။ ဝန်ကြီးနေရာကို လက်ခံခဲ့မှုအတွက် ရခိုင်အမျိုးသားပါတီနဲ့ သူ့ကြားမှာ ဘာတွေ ဖြစ်လာနိုင်မလဲ၊ ဘာကြောင့် ဝန်ကြီးနေရာကို လက်ခံခဲ့သလဲ စတာတွေကို မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး ။    ။ ဝန်ကြီးတို့အနေနဲ့ အစိုးရဖွဲ့စည်းပြီးပြီဆိုတော့ ရက်ပေါင်းတစ်ရာအတွင်းမှာ ဘာတွေကို ပထမဦးဆုံးဆောင်ရွက်သွားမှာပါလဲ ခင်ဗျား။

ဖြေ ။    ။ ကျွန်တော်တို့ ရက်တစ်ရာအတွင်း ဘာတွေကို ပထမဆုံး အပြောင်းလဲ လုပ်နိုင်မလဲဆိုတာကို ကျနော်တို့ ဆွေးနွေးမယ့် အစီစဉ်ရှိပါတယ်။ ပြီးမှ ဆောင်ရွက်သွားမယ့်အရာတွေကို ဆုံးဖြတ်ရမှာပါ။

မေး ။    ။ ဟုတ်ကဲ့ပါ။ ဒီ ဝန်ကြီးနေရာကို လက်ခံတော့ ပါတီနဲ့ဘယ်လို ဖြေရှင်းခဲ့ရပါသလဲ။

ဖြေ ။    ။ ကျွန်တော့်ကို အခု ဒီမီဒီယာသမားတွေနဲ့ တွေ့နေတဲ့ အချိန်ထိ ပါတီက ကျနော်ကို ဘယ်သူမှာ လာပြောတာမျိုး မရှိသေးပါဘူး။

မေး ။    ။ အစိုးရအဖွဲ့မှာ ပါဝင်မယ်ဆိုရင် ပါတီကို သိန်းငါးရာအထိ လျော်ကြေးပေးရမယ်ဆိုပြီး သိထားရပါတယ်။ အဲဒီအပေါ်မှာရော ဘယ်လို ဖြေရှင်းပါမလဲ။

ဖြေ ။    ။ အဲဒါက ကျနော်သိတာက ပါတီကူးပြောင်းရင် သိန်းငါးရာ လျော်ရမယ်။ ကျွန်တော်သည် ရခိုင်အမျိုးသားပါတီရဲ့ ပါတီဝင် တစ်ဦး ဖြစ်တယ်။ ရမ်းဗြဲမြို့နယ် ANP ပါတီဝင် ဥက္ကဌ တစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော်သည် ကိုယ်ရဲ့ မိခင်ပါတီက လွဲပြီး ဘယ်ပါတီကိုမှ မကူးပြောင်းပါဘူး။ အဲဒါကြောင့် ကျနော် ဒါနဲ့ ပါတ်သက်ပြီး ပြောစရာမရှိပါဘူး။

မေး ။    ။ ပါတီက အရေးယူမှုတွေ ပြုလုပ်ခဲ့မယ်ဆိုရင်ရော ဝန်ကြီးက ဘယ်လိုပုံစံ ဖြေရှင်းမှာလဲ။

ဖြေ ။    ။ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီက ကျန်တဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တခြားသော ပါတီတွေရဲ့ ဝိသေနဲ့တော့ သိပ်ပြီးတော့ မတူဘူး။ သားသမီး တစ်ယောက်ဖြစ်ဖို့အတွက် မိဖက လိုအပ်သလို ကျနော်တို့ ပါတီတစ်ခု ဖြစ်ဖို့အတွက် အခြေခံ အကြောင်းတရားတွေ ရှိပါတယ်။ ကျနော်ဆိုလို့ ရှိရင် ရခိုင်အမျိုးသားပါတီကို တတိယအုပ်စုက ဝင်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပါတယ်။ ANP ပါတီလို့ ပြောင်းမယ့် အချိန်မှာ RNDP ဆိုတာရှိတယ်။ ALD ဆိုတာ ရှိတယ်။ ကျနော်တို့ တတိယအုပ်စုဆိုတာ ရှိတယ် ၊ ကျွန်တော်က ANP ပါတီကို မိမိရဲ့ အမျိုးသား အကျိုးစီးပွားအတွက်လုပ်မယ် ဆိုပြီးတော့  တတိယအုပ်စုက ဝင်လာတာပဲဖြစ်ပါတယ်။

မေး ။    ။ ဟုတ်ကဲ့ ဝန်ကြီးခင်ဗျား။ ဝန်ကြီးတို့ ပါတီက ကြေညာချက်တွေ ထုတ်ပြန်ထားတာရှိပါတယ်။ ဝန်ကြီးနေရာကို လက်ခံမယ် ဆိုရင် ပါတီက ထုတ်ပယ်မယ်ပေါ့၊ ဝန်ကြီး အနေနဲ့ ဒီလိုအခြေနေမှာ ဘယ်လိုကြောင်းပြချက်တွေကြောင့် ဝန်ကြီးနေရာကို လက်ခံခဲ့တာပါလဲ ခင်ဗျား။

ဖြေ ။    ။ ကျွန်တော်တို့ ပါတီမှာ အခြေခံအစိတ်ပိုင်း သုံးခုရှိတယ်။ သို့သော်လည်း အစိတ်အပိုင်း တစ်ခုက ကျနော်ကို ကြေညာချက်နဲ့ အညီ ပါတီက လက်မခံလိုတဲ့ ဆန္ဒရှိပါတယ်။ သို့သော်လည်း ကျနော် နားလည်တာက ၁/၂၀၁၆ ၊ ၂/၂၀၁၆ သည် ပါတီရဲ့ ကြေညာချက်ပဲ ဖြစ်တယ်။ ကျွန်တော်တို့ ပါတီရဲ့ မူဝါဒ မဟုတ်ဘူး။ ဒီတော့ ဒီနေ့ထက်ထိ ကျွန်တော်ဟာ ပါတီရဲ့ မူဝါဒကို ဘယ်လိုမှ မချိုးဖောက်သေးဘူး။ ကြေညာချက်အပေါ်မှာတော့ ကျွန်တော်တို့ အုပ်စုသုံးအုပ်စုဟာ အယူဆ ကွဲကောင်းကွဲတတ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ အားလုံး ကိုယ့်ဒေသဖွံဖြိုးရေးမှာတော့ ဦးတည်ချက် တူကြတယ်။ ဒီနေ့ ကျွန်တော် NLD ပါတီနဲ့ ပူးတွဲလို့ ဘာကြောင့် ကမ်းလှမ်းတာကို လက်ခံလဲဆိုရင် NLD ပါတီ ရဲ့ ဦးတည်ချက်မှာလည်း ကျွန်တော်တို့ နိုင်ငံရဲ့ ဖွံဖြိုးတိုးတက်ဖို့အတွက် ဦးတည်ချက်ပါတယ်။ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒမှာလည်း ရခိုင်လူမျိုးနှင့် ရခိုင်မျိုးနွယ်စုတွေရဲ့ ဘဝတိုးတက်ဖို့အတွက် ဆိုပြီး ဦးတည်ချက်တူတယ်။ တူတဲ့ ဦးတည်ချက်တွေကြောင့် ဆင်းရဲတွင်း နက်နေတဲ့ ကျွန်တော်တို့ လူမျိုးတွေရဲ့ ဘဝ၊ ကျွန်တော် အခု တာဝန် ယူထားတဲ့ အခြေခံ  စိုက်ပျိုးရေး၊ မွေးမြူရေးတွေနဲ့  ပြည်သူတွေရဲ့ ဘဝကို မြင့်စေချင်လို့ ဦးတည်ချက်တူတာလေးကို ပူးပေါင်းလုပ်မယ် ဆိုပြီး လက်ခံခြင်းဖြစ်တယ်။ ဆိုတော့ ဒီတာဝန်ကို လက်ခံတဲ့နေရာမှာလည်း အစု သုံးစုမှာ တတိယ အင်အားစုတွေက ကျွန်တော်ကို ယူဖို့အတွက် တိုက်တွန်းကြတယ်။ နောက် ကွျွန်တော်ရဲ့ ရင်ဘက်မှာ ချိတ်ဆွဲထားတဲ့ တံဆိပ်လေးကို ကြည့်ပါ။ ဗျာလ ရုပ်လေး ရှိပါတယ်။ ဒီဗျာလဟာ ဦးအေးသာအောင်ရဲ့ ပါတီက လာတဲ့ မူပိုင်တံဆိပ်ပဲဖြစ်ပါတယ်။ ဒီဘက်က သီရိဝိစ္စတံဆိပ်ရုပ်လေးဟာ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ပါတီရဲ့ မူပိုင်ရုပ်လေးပဲဖြစ်ပါတယ်။ ဒီအဖြူအနီဆိုတဲ့ အရောင်က ကျွန်တော်တို့ ရခိုင် တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ အရောင်ပဲဖြစ်ပါတယ်။ ဒီလိုပဲ ပြည်သူတွေဖြစ်တဲ့ ကျွန်တော်ရဲ့ မဲဆန္ဒနယ်က လူတွေက ပြောကြပါတယ်။ ဝန်ကြီးနေရာကို လက်ခံမှာလား။ ဒါမှမဟုတ် ပြည်သူတွေက ရီပို့တ် (Report) လုပ်ရမလား ဆိုပြီး ပြောကြတယ်။ ပြီးရင် ရခိုင်လူမျိုး တစ်မျိုးလုံးရဲ့ ကိုယ်စားရော၊ ပါတီတွင်းမှာရှိတဲ့ အုပ်စုနှစ်အုပ်စုရဲ့ တိုက်တွန်းချက်အရပါ။ ကျွန်တော် ဒီဝန်ကြီးနေရာကို လက်ခံရခြင်းပဲ ဖြစ်ပါတယ်။

မေး ။    ။ မဲဆန္ဒရှင်တွေက ဒီအစိုးရအဖွဲ့မှာ ပါဝင်စေချင်တဲ့ ဆန္ဒရှိနေကြတယ်ဆိုတဲ့ သဘောပါလား ဝန်ကြီးခင်ဗျား။

ဖြေ ။    ။ ဟုတ်ပါတယ်။ ကျနော် အပိုင်းခွဲလို့ ပြောတာတော့မဟုတ်ဘူး။ ရခိုင်ပြည်နယ် တောင်ပိုင်းပြည်သူတွေအားလုံးက ကျွန်တော်ကို ထောက်ခံကြတယ်။ လက်ခံကြဖို့လည်း တိုက်တွန်းကြတယ်။ ဒီတာဝန်ကို လက်ခံမလား သူတို့တွေက ရီပို့တ် (Report) လုပ်ပြီး လွှတ်တော် ကိုယ်စားလှယ်နေရာကို ဖြုတ်ရမလားပေါ့။

မေး ။    ။ ဝန်ကြီးနေရာကို လက်ခံခဲ့တဲ့အတွက် ပါတီက ထုတ်ပယ်လိုက်မယ်ဆိုရင်ကော ဘယ်လို တုံ့ပြန်မှာပါလဲခင်ဗျား။

ဖြေ ။    ။ ကျွန်တော်ကို ထုတ်လို့မရပါဘူး။ ထုတ်တာကိုလည်း ကျွန်တော်လက်မခံဘူး။ ကျွန်တော်တို့ပါတီဟာ အုပ်စု သုံးအုပ်စု ပေါင်းစပ်ထားတာ။ ကျွန်တော်တို့ ပါတီဥက္ကဌက ပြောထားတယ်။ တစ်ခုက ထုတ်လိုက်လို့ရှိရင် ပန်းသီးတစ်လုံးလို တစ်စိတ်ပဲ့သွားလိမ့်မယ်။ ပဲ့သွားတာနဲ့ အဲဒီပန်းသီးကို ဘယ်သူမှ ဝယ်မဲ့သူ မရှိတော့ဘူး။ ဒါကြောင့် ကျွန်တော်က အထုတ်လည်း မခံနိုင်ဘူး၊ အပဲ့လည်း မခံနိုင်ဘူး။ ANP ပါတီမှာပဲ မူဝါဒဘောင်အတွင်းက သစ္စာရှိရှိ ရပ်တည်မယ်။ ကျွန်တော် နိုင်ငံရေးလုပ်နေတဲ့ ကာလ တစ်လျှောက်မှာ ရင်ဘတ်ပေါ်မှာ ရှိနေတဲ့ ANP ရဲ့ တံဆိပ်အောက်ကပဲ လုပ်ဆောင်သွားမှာပဲ။

မေး ။    ။ ဟုတ်ကဲ့ပါ။ ရခိုင်အမျိုးသားပါတီဝင် လွှတ်တော်ကိုယ်စားလှယ်တွေ အများကြီးရှိတဲ့အထဲ ဝန်ကြီးတစ်ဦးတည်းကိုပဲ ရွေးချယ်ပြီး ခန့်အပ်လိုက်တာက ဘာကြောင့်လို့များ ထင်ပါသလဲ။

ဖြေ ။    ။ အဲဒါတော့ ကျွန်တော် ဘာမှ မသိပါဘူး။

မေး ။    ။ မေးမြန်းခဲ့တဲ့ထဲမှာ ပြောချင်တာများ ကျန်ခဲ့မယ်ဆိုရင် ပြောပြပေးစေချင်ပါတယ် ဝန်ကြီးခင်ဗျား။

ဖြေ ။    ။ ကျွန်တော် ရခိုင်လူမျိုးတစ်ယောက်ပဲဖြစ်ပါတယ်။ လူမျိုးကိုလည် းချစ်ပါတယ်။ ဘယ်လိုမှ သက်သေပြစရာ မလိုပါဘူး။ ဒါပေမယ့် ကျွန်တော်တို့မှာ ရှိတဲ့ ကျွန်တော်တို့ လူမျိုးတွေက အင်မတန်ကို အင်မတန်ကို ဒေါသထွက်လွယ်တဲ့ လူမျိုး၊ မေ့လွယ် ပျောက်လွယ်တဲ့လူမျိုး။ ဒါကြောင့် ဒါတွေကို ကျွန်တော်တို့ ထိန်းရမယ်။ ကျွန်တော်တို့ လွယ်လွယ်နဲ့ ဒေါသ မထွက်အောင်လုပ်ရမယ်။ ရေရှည်ကို ကြည့်ပြီး အလုပ်လုပ်တတ်ရမယ်။ ကျနော့်ကိုလည်း လိုအပ်တာတွေရှိရင် အကြံပြုပေးကြပါလို့ ပြောချင်ပါတယ်။

မေး ။    ။ ဟုတ်ကဲ့ ကျေးဇူးပါ ဝန်ကြီး ဦးကျော်လွင် ခင်ဗျား။

ဖြေ ။    ။ ကျေးဇူးပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly