နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၁ ဩဂုတ် ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၁ ဩဂုတ် ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၏ ပညာရေးကော်မတီ နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ ၊ လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်ပညာရေး ဘုတ်အဖွဲ့ဝင်များကို လေကြောင်းရန် နှင့် လက်နက်ကြီးရန် ကာကွယ်ရေး အသိပညာပေးသင်တန်းကို ဩဂုတ် ၁၂ ရက်မှ ၁၉ ရက်ထိ ၈ ရက်ကြာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • အကြမ်းဖက် စစ်တပ်ကြောင့် မြန်မာနိုင်ငံအတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် စစ်ဘေးရှောင် ပြည်သူများအတွက် ဩစတြေးလျရောက် မြန်မာအဖွဲ့အစည်းမျာက ရန်ပုံငွေ ရှာဖွေပွဲကို ဩဂုတ် ၁၈ ရက်၊ ဒေသစံတော်ချိန် ညနေ ၆ နာရီက ကလင်တန်ခန်းမတွင် ပြုလုပ်ခဲ့ပြီး အဆိုပါ ရန်ပုံငွေပွဲကို အမျိုးသား ညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ခွန်းဗဟန်ထန် တက်ရောက်ခဲ့ကြောင်း သိရသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး အမှတ်စဉ်ကို ဩဂုတ် ၁၈ ရက်က ပြုလုပ်ခဲ့ပြီး အစည်းအဝေးမှာ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တော်လှန်ရေးကာလမှာ မိမိတို့အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေး နှင့် တရားစီရင်ရေးကဏ္ဍ ပိုမိုအား ကောင်းစေရန် တရားရေးဝန်ကြီးဌာနအပြင် အခြားဝန်ကြီးဌာနများအားလုံး ပူး‌ပေါင်းချိတ်ဆက်ကြရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် တနင်္သာရီတိုင်း၊ ဧရာဝတီ တိုင်း၊ ပဲခူးတိုင်းတို့မှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ် ၂၀ ရက်၊ နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • စစ်ကောင်စီ ထုတ်ဝေသည့် နှစ်သောင်းတန်ငွေစက္ကူကို စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း အသုံး ပြုခွင့်မပေးကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ (ပအဖ) က သတိပေး ထုတ်ပြန်သည်။ 

  • တနင်္သာရီတိုင်းတွင် “ဘုတ်ပြင်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့"ကို စတင်ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်လိုက်သည်။ 

  • ရန်ကုန်တိုင်းအတွက် PDFတပ်ရင်း ၅၁၀၁ ကိုဖွဲ့စည်းထားပြီး​နောက် တပ်ရင်း နှစ်ရင်းကိုထပ်မံတိုး ချဲ့ဖွဲ့စည်းရန် ပြင်ဆင်ထားကြောင်း ရန်ကုန်တိုင်းစစ်ဒေသစစ်ဆင်ရေးတာဝန်ခံ ရဲဘော် ဒေဝက ပြောသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ သာစည်ရွာကို အကြမ်းဖက် စစ်တပ်က ၆ ရက်မြောက်နေ့ အဖြစ် ယနေ့ ဩဂုတ် ၂၁ ရက်တွင် မီးရှို့နေပြီး ပြာမှုန်များ ကလေးမြို့ပေါ် ရပ်ကွက်အထိ လွင့်စဥ်နေ​ကြောင်း ဒေသခံပြည်သူများက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ်သပိတ်‌စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ် ၂၁ ရက်တွင် PDF ရဲဘော်မင်းမင်းထက် ကျဆုံးခြင်း ၂ လပြည့်နေ့အဖြစ် ချီတက်အလေး ပြုခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ပင်တင်ရွာအနီးတွင် ဩဂုတ် ၁၉ ရက်၊ နံနက် ၉ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA တပ်ခွဲ၊ စေတန်တပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ဩဂုတ် ၂၁ ရက်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင်တော်လှန်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်ဆေးငွေတောင်းခံနေသည့် စစ်ကောင်စီတပ်အား ဩဂုတ် ၂၀ ရက်၊ နံနက် ၇ နာရီခန့်က ပစ်ခတ်တိုက်ခိုက်ရာ လေးဦး သေဆုံးပြီး သေနတ်တစ်လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း Golden Eagle Force-Monywa အဖွဲ့ခေါင်းဆောင် ကိုလင်းယုန်က ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်၏ ခမရ ၇၀၁ နှင့် ခမရ ၇၀၈ တပ်ရင်း တို့ကို ဩဂုတ် ၂၀ ရက်၊ မွန်းလွဲပိုင်းက မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ (Yoma Ya Zar ) တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း ဩဂုတ် ၂၁ ရက်၊ နံနက်ပိုင်းက အကြမ်းဖက် စစ်တပ်က ပြည်သူ ၁၀ ဦးကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး စစ်ကြောင်းထိုးနေကြောင်း ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောသည်။ 

  • မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ရွှေလင်းဆွဲကျေးရွာ အတွင်းသို့ ဩဂုတ် ၂၀ ရက်၊ နံနက် ၃ နာရီခန့်က စစ်တပ်စစ်ကြောင်းက ပျူစောထီးများနှင့်အတူ ဝင်ရောက်လာပြီး အဖိုးတန် ပစ္စည်းများ လုယက် ခဲ့ကြောင်း၊ ယင်းနောက် လက်ထုပ်တောကျေးရွာကို စစ်တပ်က မီးတင်ရှို့ကာ ပြည်သူ ၃၀ ကျော် ကို ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ပြောသည်။ 

  • ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ ဘုရားလဟာရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်ကို ဩဂုတ် ၂၀ ရက်၊ နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း White Peacock Drone တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် စစ်တပ်တပ်ရင်းများကို တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ဩဂုတ် ၂၀ ရက်၊ နံနက်ပိုင်းက စစ်တပ်က အများပြည်သူများ သွားလာနေသော လမ်းများကို ဖျက်ဆီးဖြတ်တောက်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က အင်အားဖြည့်တင်းနေပြီး အရပ်ဝတ်များဖြင့် သတင်းစုဆောင်းနေကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ LLPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၃ ခုကို ယနေ့ သြဂုတ် ၂၁ ရက်တွင် ဒေါက်တာ နိုင်အောင်နှင့် ဒေါ်ခင်ဥမ္မာတို့ လှူဒါန်းသည့် ဆန် ၁၆ အိတ်၊ ဆီ နှင့် အာဟာရမုန့်များကို ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက် နှင့် ဒါရိုက်တာ မမူစဲတို့က သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • နှစ်ပေါင်းများစွာ ကြုံတွေ့နေရသည့် နိုင်ငံရေး၊ စစ်ရေး ပြဿနာများကို ဖြေရှင်းရာတွင် အဖက် ဖက်မှ ယုံကြည်မှုတည်ဆောက်ကာ အမှန်တရားကို လက်ကိုင်ထားပြီး တွေ့ဆုံ ဆွေးနွေး ခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဩဂုတ် ၂၁ ရက်တွင် ထုတ်ပြန်ပြောကြားလာသည်။ 

  • မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ မင်းရွာနယ်မြေ ရဲစခန်းကို ဩဂုတ် ၁၅ ရက်၊ နံနက် ၅ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ရာ ရဲ ၅ ဦးသေဆုံးခဲ့ကြောင်း ABSDF Column 3 မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ ခလရ ၂၆၉ တပ်ရင်းစခန်းဌာနချုပ်ကို CNA နှင့် CDF ပူးပေါင်း တပ်များက ဩဂုတ် ၁၄ ရက်တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ ဟောင်ကာဘုံး စခန်း လုံခြုံရေး တပ်ခွဲစခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော် CNA သတင်းရင်းမြစ်က ပြောသည်။ 

  • ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူး (မုန်း) မြို့နယ်အတွင်း၌ အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက် နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရရှိပြီး ကျေးရွာ ၁၁ ရွာမှ ပြည်သူများ ထွက် ပြေးတိ မ်းရှောင်နေရကြောင်း KNU ဗဟိုက တရားဝင်ထုတ်ပြန်သည်။ 

  • အကြမ်းဖက် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ရေးအရ ဖိအားပေးမှုများအမျိုးမျိုး ကြုံတွေ့ နေရပြီး PDF များ ခါးဆက်ပြတ်အောင်လဲ ပြုလုပ်နေသောကြောင့် မြေပြန့်တော်ပေါ် မခွဲခြားဘဲ နှင့် တော်လှန်ရေးသတိဖြင့် နေ့တိုင်းသွားလာအလုပ်လုပ်ကြရန် လိုအပ်ကြောင်း PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်က ရွှေဖီမြေသတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ပြောသည်။ 

  • ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ် နှင့် ကွက်ခိုင်မြို့နယ်တွင် ဩဂုတ် ၁၉ ရက်က တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ တစ်နေ့တည်း တိုက်ပွဲ ၃ ကြိမ် ဖြစ်ခဲ့ကြောင်း TNLA တအာင်းတပ်မတော် သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။ 

  • ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆို - ဖရူဆိုလမ်းမကြီးတိုက်ပွဲ ယနေ့ ဩဂုတ် ၂၁ ရက်၊ နံနက်ပိုင်းက စတင်ပြီး ပြန်လည်စတင်နေပြီဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ 

စစ်ကောင်စီ 

  • ခွင့်ပြုချက်၊ လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများ လက်ဝယ်ကိုင်ဆောင်ထားသည်ကို တွေ့ရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဩဂုတ် ၂၀ ရက်တွင် ထုတ်ပြန်သည်။ 

  • ပြည်တွင်းတွင် နေထိုင်သူများ တရားဝင် နည်းလမ်းဖြင့် ရရှိထားသည့် အမေရိကန်ဒေါ်လာ တစ်သောင်းအထိ သို့မဟုတ် ယင်းနှင့် ညီမျှသည့် ငွေထက်မပိုသော နိုင်ငံခြားငွေကို လက်ခံ ရရှိသည့်နေ့မှ ၆ လအတွင်းသာ ကိုင်ဆောင်ခွင့် ရှိသည်ဟု စစ်ကောင်စီလက်အောက်ခံ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ကြေညာလိုက်သည်။ 

  • အကြမ်းဖက်စစ်ကောင်စီက အမေရိကန်ဒေါ်လာ ပြတ်လပ်နေခြင်း၊ ဒေါ်လာစျေး ထိန်းမနိုင် ဖြစ်နေခြင်းတို့ကြောင့် နေပြည်တော်တွင် ဩဂုတ် ၁၉ ရက်က သွေးရူးသွေးတန်းအစည်းအဝေး တစ်ရပ် ခေါ်၍ စီးပွားရေး အသိုင်းအ၀ိုင်းတစ်ခုလုံးကို ထောင်ချအရေးယူမည်ဟု ခြိမ်းခြောက် လျက်ရှိကြောင်း ရန်ကုန်ခေတ်သစ်က ရရှိထားသော အစည်းအဝေးမှတ်တမ်းများနှင့် အစည်း အဝေး တက်ရောက်ခဲ့သော လုပ်ငန်းရှင်များ၏ အဆိုအရ သိရသည်။ 

  • ပြည်တွင်းစီးပွားရေးစျေးကွက်တွင် ရွှေစျေးနှင့်ဒေါ်လာစျေးနှုန်း ကျဆင်းရေး တိုက်ပွဲဝင်မည့် Task Force ဖွဲ့စည်းပြီး အထူးစုံစမ်းစစ်ရေးဦးစီးဌာန (စသုံးလုံး)က ဦးဆောင်မည်ဟု အကြမ်းဖက်စစ်ကောင်စီ၏ ကုန်စည်စီးဆင်းမှု ဗဟိုကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နိုင်စိုးက နေပြည်တော်တွင် ဩဂုတ်လ ၁၉ ရက်က ကျင်းပသည့် စီးပွားရေးလုပ်ငန်းရှင်များ နှင့် စစ်ကောင်စီ ဗဟိုဘဏ်တို့ တွေ့ဆုံပွဲတွင် ပြောသည်။ 

  • ဘင်္ဂလားဒေ့ရှ်အစိုးရက  မြန်မာစစ်တပ်လက်အောက်ခံ MFTB နှင့် MICB ဘဏ်တို့၏ ကန် ဒေါ်လာ ၁ ဒသမ ၁ သန်းကို ထိန်းချုပ်ထားမှု ငြိမ်မခံဘဲ ထိပ်တိုက်ရင်ဆိုင်မည်ဟု စစ်ကောင်စီ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဩဂုတ် ၁၉ ရက်က ကျင်းပသည့် စီးပွားရေး လုပ်ငန်းရှင်များ နှင့် စစ်ကောင်စီဗဟိုဘဏ်တာဝန်ရှိသူများ တွေ့ဆုံပွဲတွင် ဒေါသတကြီး တုံ့ပြန်ပြောဆိုလိုက်သည်။ 

  • ပြည်တွင်းစားသုံးဆီကို အရည်အသွေးမြှင့် ထုတ်လုပ်နိုင်ရန် ကူညီပံ့ပိုးပေးနိုင်ရေး ဆောင်ရွက် နေသည်ဟု စစ်ကောင်စီ လက်အောက်ခံ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက ဩဂုတ် ၂၀ ရက်က ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း၏ စတုတ္ထအကြိမ်မြောက် အသင်းသားစုံညီ နှစ်ပတ်လည် အစည်းအဝေးတွင် ပြောသည်။ 

  • ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့အနီး ရွှေလီမြစ်ပေါ်ရှိ ရွှေလီ (၃) ရေအားလျှပ်စစ် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံလိုသူများအား စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာနမှ အိတ်ဖွင့်တင်ဒါ ခေါ်ယူ လိုက်ကြောင်း သိရသည်။ 

  • ပဲခူးတိုင်းအတွင်း မိုင်းခွဲဖျက်ဆီးခံခဲ့ရမှုကြောင့်ပျက်စီးသွားသည့် ရထားလမ်းပိုင်းအား ပြန်လည် ပြင်ဆင်ပြီးဖြစ်၍ ယာယီရပ်ဆိုင်းခဲ့သည့် ရထားခရီးစဥ်များအား သြဂုတ် ၂၀ ရက်မှ စတင်ကာ ပြန်လည်ပြေးဆွဲခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ မြန်မာ့မီးရထားမှသိရသည်။

ဩဂုတ် ၂၁ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီက ဒေါ်လာငွေ ရရှိမှု နည်းပါးလားပြီး ဒေါ်လာပြတ်လပ်လာသည့်အတွက် ပြည်တွင်း နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်မှုများနှင့်ပတ်သက်ပြီး အတင်းအကျပ် ကန့်သတ်မှုများ ပြုလုပ်လာပြီး အရေးယူမည်ဟု ခြိမ်းခြောက်ပြောဆိုမှု များ ပြုလုပ်နေသည်။ 

  • ပြည်သူများနှင့်ရပ်တည်မည်ဟု ပြောဆိုခဲ့သည့် ရွက်ဆစ် ဦးဆောင်သည့် RCSS အဖွဲ့သည် စစ်ကောင်စီ နှင့် ဆွေးနွေးမှုများ ပြုလုပ်နေသလို NCA ကို ဆက်လက်စွဲကိုင်ထားဟု ထုတ်ပြန်ကြေညာလိုက်သည့်အတွက် အပြော နှင့် လက်တွေ့မညီညွတ်သည်ကို‌ တွေ့ရသည်။ 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly