အသက်် ၁၉ နှစ်အရွယ် ဟောင်ကောင်ကျောင်းသားခေါင်းဆောင် ဂျိုရှုဝါဝေါင်း နိုင်ငံရေးပါတီ ထူထောင်

အသက်် ၁၉ နှစ်အရွယ် ဟောင်ကောင်ကျောင်းသားခေါင်းဆောင် ဂျိုရှုဝါဝေါင်း နိုင်ငံရေးပါတီ ထူထောင်

ဟောင်ကောင်၊ ဧပြီ၊ ၇ ။          ။ ဟောင်ကောင် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများထဲတွင် လူသိများထင်ရှားသူတစ်ဦးဖြစ်သည့်  အသက် ၁၉ နှစ်အရွယ် ကျောင်းသားခေါင်းဆောင်ဂျိုရှုဝါဝေါင်းက သူ့ကိုယ်ပိုင်နိုင်ငံရေးပါတီသစ်တစ်ခုဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကြေညာ လိုက်သည်။

Demosisto ဟုအမည်ရသောသူ၏ပါတီသည် ဟောင်ကောင်ကို ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးရန်အဓိကထားတောင်းဆိုသွား မည်ဟု ဂျိုရှုဝါဝေါင်းက ပြောကြားသည်။

'' ဒါက ကျွန်တော်တို့ရဲ့ အဓိကမူဝါဒပါပဲ။ ကျွန်တော်တို့ ကိုယ့်ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်အတွက် တိုက်ပွဲမဝင်ရင် တရုတ်ကွန်မြူနစ်ပါတီက ကျွန်တော်တို့အနာဂတ်ကို ဆုံးဖြတ်သွားပါလိမ့်မယ် '' ဟု ဂျိုရှုဝါဝေါင်းက သူ၏နိုင်ငံရေးပါတီနှင့် ပတ်သတ်ပြီး ရှင်းလင်းပြောကြားသည်။

ဟောင်ကောင်စာအုပ်ထုတ်ဝေသူအချို့ ပြန်ပေးဆွဲခံရသည်ဟူသော သတင်းများထွက်ပေါ်နေပြီး အုပ်ချုပ်ရေးပိုင်းတွင် တရုတ်အစိုးရကဝင်ရောက်စွက်ဖတ်မှုများရှိနေသဖြင့် တင်းမာမှုများ   မြင့်တက်နေချိန်တွင် ဂျိုရှုဝါဝေါင်းက ယခုကဲ့သို့ နိုင်ငံရေးပါတီတစ်ခု ထူထောင်လိုက်ခြင်းဖြစ်သည်။

ဂျိုရှုဝါဝေါင်းနှင့် အခြားကျောင်းသားခေါင်းဆောင်များပူးပေါင်းတည်ထောင်သည့် Demosisto ပါတီထူထောင်ကြောင်း ကြေညာရာတွင် Hunger Games ရုပ်ရှင်ပိုစတာပုံစံပိုစတာတစ်ခုကို အသုံးပြုခဲ့သည့်အပြင် ပါတီဆောင်ပုဒ်ကိုလည်း '' လူတွေကမြို့တော်ကို ဝန်းရံကြလိမ့်မယ် '' ဟုအဓိပ္ပါယ်ရသောဆောင်ပုဒ်ကို သုံးစွဲခဲ့ကာ Younger Games ဟုလည်း ရေးသားထားသည်ကို တွေ့ရသည်။

Hunger Games ရုပ်ရှင်များသည် ယနေ့ခေတ်လူငယ်များကြားခေတ်စားလျှက်ရှိသည့် ရုပ်ရှင်တစ်ခုဖြစ်ပြီး အာဏာရှင်ကို ဆန့်ကျင်တော်လှန်သည့် ဇာတ်လမ်းဖြစ်သည်။

Scholarism ဟုအမည်ရသော ကျောင်းသားတက်ကြွလှုပ်ရှားသူအဖွဲ့ကို ဖွဲ့စည်းခဲ့သူလည်းဖြစ်သည့် ဂျိုရှုဝါဝေါင်းသည် ၂၀၁၄ ခုနှစ်က ဟောင်ကောင်တွင် တရုတ်ပြည်မကြီး၏ စိုးမိုးခြယ်လှယ်မှုများကို ဆန့်ကျင်သည့် Umbrella Movement ဆန္ဒပြပွဲများတွင် ဦးဆောင်သူအဖြစ်ပါဝင်ခဲ့ကာ ၂၀၁၄ ခုနှစ်အတွက် Time မဂ္ဂဇင်းကရွေးချယ်သည့် သြဇာကြီးပုဂ္ဂိုလ် ၁၀၀ တွင် ပါဝင်ခဲ့သူလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly