မော်လမြိုင်ကျွန်းတွင် လျှပ်စစ်ရုံးဝန်ထမ်းက မီတာခကောက်ထားသည်ငွေများ ယူဆောင်ထွက်ပြေး

By မင်းထက် (မဇ္ဈိမ)
21 August 2023
မော်လမြိုင်ကျွန်းတွင် လျှပ်စစ်ရုံးဝန်ထမ်းက မီတာခကောက်ထားသည်ငွေများ ယူဆောင်ထွက်ပြေး
ဓာတ်ပုံ-မော်လမြိုင်ကျွန်းမြို့နယ် လျှပ်စစ်ရုံး (ပုံဟောင်း)

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မီတာခကောက်ခံရရှိထားသည့် ငွေကျပ်သိန်း ၁၀၀ ကျော်ကို လျှပ်စစ်ရုံးဝန်ထမ်းက ယူဆောင်ထွက်ပြေးသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

မီတာခများအား ယူဆောင်ထွက်ပြေးသွားသူမှာ မော်လမြိုင်ကျွန်းမြို့(၁၁) ရပ်ကွက်၊ ဗန္ဓုလလမ်းနေ ဦးပိုင်စိုးဆိုသူဖြစ်ပြီး ၎င်းသည် လျှပ်စစ်ရုံး ငွေလက်ခံကောင်တာတွင် တာဝန်ရှိသူဖြစ်ကာ မီတာဆောင် သူများအား ငွေရပြေစာပြန်ပေးရသူဖြစ်ကြောင်း သိရသည်။

ဧပြီလမှဇူလိုင်လအထိ ဦးပိုင်စိုးထံ မီတာဆောင်ထားသူများမှာ တရားမဝင်ကြောင်း EPC ဝန်ထမ်းများက ဒေသခံများ၏နေအိမ်များသို့ လာရောက်ပြောဆိုခဲ့သည့်အတွက် ငွေများယူဆောင်ထွက်ပြေးသည့် ဖြစ်စဥ် ကို သိရှိခဲ့ရခြင်းဖြစ်သည်ဟု ဒေသခံကပြောသည်။

“ရုံးဝန်ထမ်းက ပြည်သူတွေမီတာဆောင်ထားတဲ့ လေးလစာ မီတာခထဲက သိန်း ၁၀၀ ကျော်ကို ယူပြီး ထွက်ပြေးတာပါ။ ဒါကို တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘဲ ပြည်သူတွေကို မီတာထပ်ဆောင်ခိုင်းနေတယ်။ ပြီးခဲ့တဲ့လတွေမှာ ပြည်သူတွေက မီတာမဆောင်ခဲ့ဘူးဆိုတဲ့ပုံစံနဲ့ ဒဏ်ကြေးပါ တောင်းနေတယ်” ဟု ၎င်းက ပြောသည်။

ကုန်စျေးနှုန်းများမြင့်တက်နေပြီး ငွေကြေးကျပ်တည်းမှု ဒုက္ခရောက်နေသော ပြည်သူများအား ဌာနဆိုင်ရာ ဝန်ထမ်းများက နည်းမျိုးစုံဖြင့် ဒုက္ခပေးနေခြင်းဖြစ်သည်ဟု ဒေသခံက ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ မော်လမြိုင်ကျွန်းမြို့နယ် လျှပ်စစ်ရုံးအား မဇ္စျိမက ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

လက်ရှိတွင် ငွေကြေးများယူဆောင်ထွက်ပြေးသူ ဦးပိုင်စိုးဆိုသူအား မော်လမြိုင်ကျွန်းရဲစခန်းမှ မည်သည့် ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ထားသည်ကို မသိရသေးဘဲ တရားခံမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ် ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်အတွင်းက မော်လမြိုင်ကျွန်းမြို့နယ်၊အမှတ် (၉) ရပ်ကွက်မှ စစ်ကောင်စီ ခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေအား ငွေကျပ်သိန်းပေါင်း ၉,၀၀၀ ကျော် ကိုယ်ကျိုးအတွက် သုံးစွဲသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သေးသည်။

စာတည်း။       ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။  ။စောဖေ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly