တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်သည့်နေရာက အစောင့်စစ်စခန်းကို  CDF တိုက်ခိုက်

တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်သည့်နေရာက အစောင့်စစ်စခန်းကို  CDF တိုက်ခိုက်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်သည့်နေရာက အစောင့်စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အရာခံဗိုလ်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးသွားကြောင်း ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho) က ထုတ်ပြန်သည်။

မင်းဘူး-အမ်းလမ်းမကြီး-ငဖဲမြို့နယ် မြေလတ်ကျေးရွာအနီး တရုတ်ဓါတ်ငွေ့ ပိုက်လိုင်း ထိန်းချုပ်သည့်နေရာတွင် စောင့်ကြပ်နေသည့် စစ်ကောင်စီစစ်စခန်းကို CDF-Asho က ယမန်နေ့ ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၅ နာရီခွဲတွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

နှစ်ဘက်အပြန်အလှန် ပစ်ခတ်မှု ၁ နာရီနီးပါး ကြာမြင့်ခဲ့သည်ဟု ချင်းကာကွယ်ရေး တပ်က ဆိုသည်။

‘’တိုက်ပွဲအတွင်း ရန်သူလက်နက်များ ရရှိရန်ကြိုးစားခဲ့သော်လည်း ကျည်လုံလောက်မှု မရှိသဖြင့် ၄၅ မိနစ်အကြာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲဘော်များမှ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်” ဟု CDF-Asho က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ အရာခံဗိုလ်တဦး ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ပြီး ကျန်အခြားအဆင့် တဦးသည်  အပြင်းအထန်ဒဏ်ရာရရှိပြီး ဆေးရုံအရောက် ညနေပိုင်းတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း CDF-Asho ဘက် ပြောဆိုသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ စတင်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် ရခိုင်၊ ရှမ်း၊ မကွေးနှင့် မန္တလေးတိုင်းတို့ကို ဖြတ်သန်းပြီး တရုတ်နိုင်ငံ ယူနန်အထိ တင်ပို့နေခြင်း ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် အာဏာသိမ်းစစ်ကောင်စီကို ထောက်ပံ့ကူညီမှုများ မပြုလုပ်ပေးရန် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများက ဆန္ဒပြ တောင်းဆိုနေကြပြီး တရုတ်ပိုက်လိုင်းစောင့် စစ်ကောင်စီတပ်သားများလည်း မကြာခဏ တိုက်ခိုက်ခံနေရသည်။

ယခုနှစ် မေလ ၇ ရက်နေ့၊ ည ၈ နာရီခွဲအချိန်ကလည်း မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းက စစ်ကောင်စီတပ်သားများ လုံခြုံရေးယူထားသော တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေးရုံးကို ဒေသခံ ကာကွယ်ရေးအဖွဲ့ Natogyi Guerrilla Force (NGF) က တိုက်ခိုက်ခဲ့သည်။

စာတည်း။   . ။ နောင်နောင်

#တရုတ်ပိုက်လိုင်း
#စစ်ကောင်စီတပ်
#Mizzima
#ထိန်းချုပ်ရေးရုံး

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly