မတူပီမြို့တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်

By မဇ္ဈိမ 
21 August 2023
မတူပီမြို့တွင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်
ပုံ/မတူပီ-ဟားခါးလမ်းပေါ်ရှိလုံလှော်- ဇကမ်းအကြား ကားလမ်းပိုင်းမြေပြိုမှုပျက်စီးနေပုံ

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်း ဩဂုတ်လဆန်းပိုင်းမှစတင်ကာ အခြေခံစားသောက်ကုန် များအပါအဝင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ယခုဩဂုတ်လဆန်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကုန်တင်ကားများ အဓိကသွားလာနေ သည့် မတူပီ-ဟားခါးလမ်း၌ မြေပြိုကျမှုများကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ပြီး ကုန် ပစ္စည်းများ ဝင်ရောက်လာခြင်းမရှိသည့်အတွက် ကုန်ဈေးနှုန်းများမြင့်တက်နေခြင်းဖြစ်သည်။

“ကုန်ဈေးနှုန်းတက်တာကတော့ အရမ်းကိုတက်နေတာ။ မတူပီကိုဝင်လာတဲ့ ကုန်ပစ္စည်းလမ်းကြောင်း က နှစ်လမ်းပဲရှိတာ။ အရင်ကတော့ ပခုက္ကူ-မင်းတပ်-မတူပီလမ်းကို သုံးကြတယ်။ တိုက်ပွဲတွေ ဖြစ်ပြီး နောက်ပိုင်းမှာ အဲဒီလမ်းကြောင်းကိုမသုံးတော့ဘဲ ပခုက္ကူကနေ ဂန့်ဂေါဘက်ခြမ်းပြီးတော့ ရေဇွာကနေ၊ မတူပီကိုပတ်ပြီးတော့ လာကြတယ်။ အခုအဲဒီလမ်းကလုံးဝကိုပြိုသွားတော့ ကုန်တွေလည်း ဈေး အဆ မတန်တက်သွား” ဟု မတူပီဒေသခံတဦးကပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဟားခါးလမ်းပေါ်ရှိ လုံလှော်-ဇကမ်းအကြား မြေပြိုမူများကြောင့် အဆိုပါလမ်း အသုံးပြုမှုမှာလည်း လုံးဝရပ်ဆိုင်းသွားရပြီဖြစ်ကြောင်း ဆိုသည်။

လက်ရှိမတူပီမြို့ပေါ်တွင် ဓါတ်ဆီရေသန့်တဘူး ၅,၀၀၀ ကျပ်၊ အိမ်ကြက်တစ်ကောင် ၃၀,၀၀၀ ကျပ်၊ ပေါ်ဆန်မွေးတအိတ် ၁၃၀,၀၀၀ ဝန်းကျင်နှင့် ဆန်ကွဲတစ်အိတ် ၉၀,၀၀၀ ဝန်းကျင်အထိ ဈေးပေါက်နေ ကြောင်းစုံစမ်း သိရှိရသည်။

စစ်အာဏာမသိမ်းခင်က မတူပီမြို့တွင် ဆန်အိတ်တအိတ်ကို ၂၅,၀၀၀ ကျပ်ဝန်းကျင်၊ ၂၀၂၂ ခုနှစ် ဇူလိုင် လအရောက်တွင် ဆန်တအိတ်ကို ၇၀,၀၀၀ ကျပ်ဝန်းကျင်မှ ယခု ၂၀၂၃ ခုနှစ် ဩဂုတ်လအရောက်တွင် ဆန်တအိတ်လျှင်   ၁၀၀,၀၀၀ ကျပ်ကျော်အထိ ပေးဝယ်နေရခြင်းဖြစ်သည်။

“မတူပီမှာက လျှပ်စစ်မီးမရတော့ တာလနဲ့ချီကြာနေပြီ။ ဒီတော့အရင်ကလိုပဲ မီးသွေး၊ ထင်းတွေကို ပြန် သုံးကြရတော့တယ်။ မီးသွေးကလည်း ပခုက္ကူဘက်ကနေ သယ်ရတာလေ။ ထင်းတကျည်ကို ၂၀၀,၀၀၀ ကျော် ဈေးပေါက်နေတယ်။ အရင်ကတော့ ကိုယ့်ခြံဥယျာဉ်၊ တောင်ယာထဲမှာထင်းတွေ ခုတ်လို့ရတယ်။ အခုတော့ တောင်ယာထဲလည်း မသွားရဲ မလာရဲကြဘူး။ ခဏခဏမိုင်းကွဲနေတော့ အစစအရာရာ ဝယ်သုံးနေရတယ် ’’ ဟု လည်း အခြားဒေသခံတစ်ဦးကပြောသည်။

လက်တလော ပခုက္ကူ-မင်းတပ်-မတူပီလမ်းအဟောင်းကို ယာယီအသုံးပြုနေသော်လည်း ခရီးသည်တင် ကားနှင့် ကုန်ကားများအနေဖြင့် နှစ်ဖက်အဖွဲ့အစည်းများထံ အဆင့်ဆင့်သတင်းပို့ပြီးမှ သွားလာခွင့်ရှိ ကြောင်း သိရသည်။

ကုန်ကားများနှင့် ခရီးသည်ကားများအနေဖြင့် မတူပီမြို့အဝင် လည်မြိုချောင်းတံတားအထိသာ သွားလာ ခွင့်ရှိပြီး ထိုမှတဆင့် ကုန်ပစ္စည်းများနှင့် ခရီးသည်များကို မတူပီမြို့ပေါ်သို့ သုံးဘီးများဖြင့် ပြန်လည်သယ် ဆောင်ကြရကြောင်း သိရသည်။

စာတည်း။  ။Alden
စာမူတည်းဖြတ်။  ။စောဖေ

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly