သံဖြူဇရပ်တွင် ရွှေ့ပြောင်းအလုပ်သမားမိသားစုမှ ကလေးငယ်အား အဓမ္မပြုကျင့်သူကို ဒေသခံများ ဝိုင်းဖမ်း

By ဂျူချန်း (မဇ္ဈိမ)
21 August 2023
သံဖြူဇရပ်တွင် ရွှေ့ပြောင်းအလုပ်သမားမိသားစုမှ ကလေးငယ်အား အဓမ္မပြုကျင့်သူကို ဒေသခံများ ဝိုင်းဖမ်း
ပုံစာ-ချစ်လင်းအောင် (ဓါတ်ပုံ-လူမှုကွန်ရက်)

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင်ရွှေ့ပြောင်းအလုပ်သမားမိသားစုမှ အသက် ၁၁ အရွယ် မိန်းကလေးငယ်တဦးကို  အဓမ္မပြုကျင့်ခဲ့သည့်  အမျိုးသားအား ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးခဲ့သည်။

အဆိုပါ ဖြစ်စဉ်သည် သံဖြူဇရပ်မြို့၊ ပငကျေးရွာတွင်  ဩဂုတ်လ ၁၉ ရက်နေ့ နံနက်က ဖြစ်ခဲ့ခြင်းဟု သိရသည်။ 

ရန်ကုန်တိုင်းဘက်မှ အလုပ်လာလုပ်သည့် ရွှေ့ပြောင်းအလုပ်သမားမိသားစုမှ အသက် ၁၁ အရွယ် ကလေးငယ်တဦးကို ပငရွာမှ အသက်(၁၉)နှစ်အရွယ် ချစ်လင်းအောင်ဆိုသူက အဓမ္မပြုကျင့်ခြင်းဟု ဒေသခံများကပြောသည်။

“ကောင်မလေးက ဈေးသွားဝယ်ပြီး အပြန် သင်္ချိုင်းကုန်းနားမှာ ပြုကျင့်ခံရတာ" ဟုပငရွာခံတဦးက ပြောသည်။

ကလေးငယ်၏ ပုံမှန်မဟုတ်သော အခြေအနေကို မိခင်ဖြစ်သူမှ မေးမြန်းရာမှ အဓမ္မပြုကျင့်ခံရသည်ဟု သိရခြင်းဖြစ်သည်။

“နေ့တွင်းချင်းပဲ ဖမ်းမိလိုက်ပါတယ်။ အဲ့ဒီနေ့မှာပဲ သံဖြူဇရပ်ဆေးရုံမှာ ဆေးစစ်ချက်လည်း အဲ့ဒီနေ့ပဲထွက်ပါတယ်" ဟု ဒေသခံတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံမှုမရှိတော့ဘဲ ကလေးငယ်များ အဓမ္မပြုကျင့်ခံရမှုလည်း မကြာခဏကြားသိနေရကြောင်း အမျိုးသမီးနှင့် ကလေးသူငယ်အရေးဆောင်ရွက်သူ မဥမ္မာ ကပြောသည်။အရပ်ဖက် အဖွဲ့အစည်းများအနေဖြင့်လည်း  စစ်ကောင်စီ၏ ဖိအားများကြောင့် လွတ်လပ်စွာ ကူညီဆောင်ရွက်ခွင့် မရတော့ဟု ၎င်းကဆိုသည်။

“စစ်ကောင်စီလက်ထက်မှာတော့ အရာအားလုံး ဆုံးရှုံးရတာပါပဲ။ လူ့လောကတောင်မရောက်သေးတဲ့ ဗိုက်ထဲက သန္ဓေသားကအစ အသက်ရှင်ခွင့်ရဖို့တောင် မသေချာတော့တဲ့ အနေအထားမျိုး။  လုံခြုံရေးလည်း စိတ်မချရတော့ဘူး။ တကယ်ကူညီနေတဲ့ အဖွဲ့အစည်းတွေကို ရန်ရှာနေတော့ ကူညီဖို့ကလည်း တအားခက်ခဲသွားတယ်” ဟု မဥမ္မာက ပြောသည်။

ယခုအခါ ချစ်လင်းအောင်ကို သံဖြူဇရပ် ရဲစခန်းတွင်ရာဇသတ်ကြီးပုဒ်မ ၃၇၆(အရွယ်မရောက်သေးသော ကလေးငယ်အား အဓမ္မပြုကျင့်မှု)၊ ရာဇသတ်ကြီးပုဒ်မ ၃၆၃(လူခိုးမှု) ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။ 

အသက် ၁၂ အောက် ကလေးငယ်အား အဓမ္မပြုကျင့်ပါက ကျူးလွန်သူအား ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမြင့်ဆုံးထောင်ဒဏ် တသက် သို့မဟုတ် အနှစ် ၂၀ ကျခံရမည်ဖြစ်သည်။ပုဒ်မ ၃၆၃ ကို ကျူးလွန်သူကို  ခုနှစ်နှစ်ထိ ထောင်ဒဏ် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required