MIC ဖူဆယ်ကလပ်အသင်း ထိုင်းနိုင်ငံသို့ သွားရောက် လေ့ကျင့်ခွင့်ရရန် စီစဉ်

MIC ဖူဆယ်ကလပ်အသင်း ထိုင်းနိုင်ငံသို့ သွားရောက် လေ့ကျင့်ခွင့်ရရန် စီစဉ်
MIC ဖူဆယ်ကလပ်အသင်း ယခုနှစ် မြန်မာနေရှင်နယ်ဖူဆယ်လိဂ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဧပြီ ၇ ၊ ရန်ကုန်။          ။ မြန်မာနေရှင်နယ် ဖူဆယ်လိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ရန် ရေပန်းစားနေသည့် MIC ကလပ်အသင်းသည် လိဂ်ပွဲစဉ်များအပြီးတွင် ထိုင်းနိုင်ငံသို့ သွားရောက်လေ့ကျင့်ခွင့်ရရန် စီစဉ်ထားသည် ဟု MIC အသင်းနည်းပြ ဦးသန်းဝဏ္ဏအောင်က ပြောသည်။ MIC ကလပ်အသင်းသည် ယခုနှစ် ၂၀၁၆ မြန်မာနေရှင်နယ် ဖူဆယ်လိဂ်ပြိုင်ပွဲတွင် ပထမအကျော့ပွဲစဉ် ခုနစ်ပွဲကစားပြီးချိန်၌ ခုနစ်ပွဲလုံးအနိုင်ရကာ ရမှတ် ၂၁ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်ကာ ရာသီဝက်ချန်ပီယံဖြစ်လာခဲ့သည်။

“ ကျွန်တော်တို့ ဒီနှစ်ချန်ပီယံဆုရဖို့ ယုံကြည်ပါတယ်။ အဲ့အတွက်လည်း အသင်းကို အကောင်းဆုံးပြင်ဆင်ထားပါတယ်။ လာမယ့်ရာသီဝက်မှာလည်း အကောင်းဆုံးကြိုးစားသွားမှာပါ။ တကယ်လို့ ချန်ပီယံဖြစ်ပြီး အာဆီယံဖူဆယ်လိဂ်ပြိုင်ပွဲဝင်ခွင့်ရမယ်ဆိုရင် ကျွန်တော်တို့ လူအင်အားထပ်ဖြည့်ဖို့ ရှိပါတယ်။ ထိုင်းက ကလပ်အသင်းတွေနဲ့ ခြေစမ်းဖို့လည်း စီစဉ်သွားမှာပါ။ တကယ်လို့သာ အချိန်ရမယ်ဆိုရင် ထိုင်းနိုင်ငံကို သွားပြီး ဖူဆယ်ကလပ်အသင်းတွေနဲ့ ပူးပေါင်းလေ့ကျင့်တာမျိုး ခြေစမ်းပွဲကစားမှာမျိုး ပြုလုပ်သွားဖို့လည်း ရှိပါတယ် ” ဟု ဦးသန်းဝဏ္ဏအောင်က ပြောသည်။

MIC ဖူဆယ်ကလပ်အသင်းသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ၂၀၁၄ MFF ဖူဆယ်လိဂ်ပြိုင်ပွဲ၊ ၂၀၁၄ အော်ရီဒူးဖူဆယ်ဖလားပြိုင်ပွဲ၊ ၂၀၁၅ ဧရာဝတီဘဏ်အလွတ်တန်းဖူဆယ်ဖလားပြိုင်ပွဲတို့တွင် ချန်ပီယံဆုများ ဗိုလ်စွဲထားနိုင်ခဲ့သည်။ ထို့ပြင် ၂၀၁၅ အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲတွင်လည်း အသန့်ရှင်းဆုံးဆုနှင့် ကြေးတံဆိပ်ဆု တို့ကို ရရှိထားသည့် ဖူဆယ်ကလပ်အသင်းတစ်သင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly