ရွှေဈေးနှင့်ဒေါ်လာဈေးနှုန်း ကျဆင်းရေး Task Force ဖွဲ့စည်း ပြီး စသုံးလုံးက ဦးဆောင်မည်ဟု စစ်ကောင်စီ ဆိုပြန်

By မဇ္ဈိမ 
21 August 2023
ရွှေဈေးနှင့်ဒေါ်လာဈေးနှုန်း ကျဆင်းရေး Task Force ဖွဲ့စည်း ပြီး စသုံးလုံးက ဦးဆောင်မည်ဟု စစ်ကောင်စီ ဆိုပြန်

ပြည်တွင်းစီးပွားရေးဈေးကွက်တွင် ရွှေဈေးနှင့်ဒေါ်လာဈေးနှုန်း ကျဆင်းရေး  တိုက်ပွဲဝင်မည့် Task Force ဖွဲ့စည်းပြီး အထူးစုံစမ်းစစ်ရေးဦးစီးဌာန(စသုံးလုံး) က ဦးဆောင်မည်ဟု စစ်ကောင်စီ၏ ကုန်စည်စီးဆင်းမှု ဗဟို ကော်မတီ တွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နိုင်စိုးက ပြောဆိုလိုက်သည်။

ပြည်တွင်းတွင် ဒေါ်လာဈေးကိစ္စ မစိုးရိမ်ကြရန်နှင့် အချိန်တန်လျှင် ပြန်လည် ကျဆင်းသွားမည်ဖြစ်ကြောင်း၊ ဒေါ်လာဈေးသည် တက်စရာ အကြောင်းမရှိဘဲ တက်နေခြင်းဖြစ်ကြောင်း၊ ရွှေဈေးနှုန်းသည်လည်း ထိုနည်းအတူပင်ဖြစ် ကြောင်း၊ စစ်ကောင်စီက Task Force ဖွဲ့စည်းလိုက်ပြီး စသုံးလုံးက ဦးဆောင် မည် ဖြစ်ကြောင်း ဗိုလ်ချုပ်ရန်နိုင်စိုးက ဆိုသည်။

နေပြည်တော်တွင် ဩဂုတ်လ ၁၉ ရက်နေ့ ကျင်းပသည့် စီးပွားရေးလုပ်ငန်းရှင် များ နှင့် စစ်ကောင်စီဗဟိုဘဏ်တို့ တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါ အတိုင်း ပြော ဆိုခြင်းဖြစ်ကြောင်း  သိရှိရသည်။

လက်ရှိတွင် ပြည်တွင်းဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၀၀၀ ကျပ်ဝန်းကျင်အထိဖြစ်ပေါ်လာပြီး ရွှေဈေးနှုန်းများ မြင့်တက်လာမှုသည် အခြေအမြစ်မရှိဘဲ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ထိရောက်စွာ ကိုင်တွယ်နိုင်ရေး Task Force ဖွဲ့စည်းလိုက်ပြီး စသုံးလုံးက ဦးဆောင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက  မြန်မာစစ်တပ်လက်အောက်ခံ MFTB နှင့် MICB ဘဏ်တို့၏ ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းကို ထိန်းချုပ်ထားမှု ငြိမ်မခံဘဲ ထိပ် တိုက် ရင်ဆိုင်မည်ဟုလည်း စစ်ကောင်စီဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက တုံ့ပြန်ပြောဆိုထားသည်။

ဒေါ်လာ ဈေးတက်နေရသည့် အကြောင်းအရင်း များမှာ MFTB နှင့် MICB တို့ကို အမေရိကန်စီးပွားရေးပိတ်ဆို့လိုက်မှုနဲ့ စင်ကာပူ UOB ဘဏ်က မြန်မာစီးပွားရေးသမားများနှင့် စစ်ကောင်စီ၏ ဘဏ်ငွေစာရင်းများကို ပိတ်ပင်လိုက်မှုတို့ကြောင့်ဖြစ်သည်။

ထို့အပြင် နှစ်သောင်းတန်ငွေစက္ကူများ ထုတ်ဝေမှု၊ ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်တပ်ပိုင် ဘဏ်နှစ်ခု၏ ကန်ဒေါ်လာ ၁ ဒသမ ၁ သန်းတို့ကို ထိန်းချုပ်လိုက်မှု စသည့် အကြောင်း အရင်းများကြောင့်လည်း ဒေါ်လာဈေးမြင့်တတ်လာရခြင်းဖြစ်သည်။

ယခုအခါမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် သိန်း ၄၀ ခန့်နှင့် တစ်ဒေါ်လာကို ကျပ် ၄၀၀၀ အထိ မြင့်တက်လာနေသည်။

ယခုလိုရက်ပိုင်းရွှေနှင့်ဒေါ်လာဈေး တရှိန်ထိုးမြင့်တက်လာပြီးနောက်ယနေ့ ( ဩဂုတ် ၁၉ ရက် )တွင် စစ်ကောင်စီ ထောက်လှမ်းရေးက လိုက်လံဖမ်းဆီးနေသောကြောင့်ဈေးကွက်မဖွင့်နိုင်ဘဲ၊ ရွှေနှင့်ငွေလဲလုပ်ငန်းဆောင်ရွက်သူအချို့ကို ဖမ်းဆီးခံခဲ့ရကြောင်း လုပ်ငန်းရှင်အချို့ကပြောသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly