ကျန်းမာရေးဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ကို အရေးယူပေးဖို့ တောင်းဆို

By မဇ္ဈိမ 
21 August 2023
ကျန်းမာရေးဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီတပ်ကို အရေးယူပေးဖို့ တောင်းဆို

အာဏာသိမ်းစစ်ကောင်စီတပ်က ကျန်းမာရေးဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေကို နိုင်ငံတကာက အမြန်ဆုံး အရေးယူဆောင်ရွက်ပေးဖို့ ထိုင်းနိုင်ငံအခြေစိုက် နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော်ကြာဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နဲ့ ပဋိပက္ခတွေကြောင့် ထောင်ပေါင်းများစွာသော ပြည်သူတွေ အတင်းအဓမ္မပြောင်းရွှေ့ခံရ၊ ထွက်ပြေးနေကြရကြောင်း၊ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံး ပဋိပက္ခ ပိုမိုပြင်းထန်လာပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ ပြည်သူ နှစ်သန်းကျော် ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မတရားဖမ်းဆီးခံနေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ခြွင်းချက်မရှိအမြန်ဆုံး လွတ်မြောက်ရေးအတွက် စစ်အုပ်စုကို နည်းလမ်းပေါင်းစုံနဲ့ ဖိအားပေးဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းကျန်းမာရေးစနစ်ယိုယွင်းလာခဲ့ပြီး အထူးသဖြင့် ဝေးလံခေါင်ဖျားတဲ့ စစ်ရေးပဋိပက္ခဖြစ်ပွား‌ရာဒေသတွေမှာ ကိုယ်ဝန်ဆောင်သည်တွေ၊ ထိခိုက်ဒဏ်ရာရသူတွေ စတဲ့အရေးပေါ်လူနာတွေကို လွှဲပြောင်းပေးဖို့ ဆေးရုံမရှိတာက ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေအတွက် အဓိက စိန်ခေါ်မှုဖြစ်နေတယ်လို့ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ BPHWT က ပြောပါတယ်။

ဒီလို အချိန်မီမလွှဲပြောင်းပေးနိုင်တာကြောင့် လူနာသေဆုံးမှုအချို့လည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ရေးပဋိပက္ခဇုန်တွေမှာ အခြေခံကျန်းမာရေးစောင့်ရှောက်မှုပေးရာမှာလည်း ဆေးဝါးသယ်ယူပို့ဆောင်ရေးခက်ခဲတာ၊ ရွှေ့ပြောင်းနေရတဲ့ စစ်ရှောင်တွေနဲ့အတူ လိုက်ပါစောင့်ရှောက်ပေးရတာ၊ စားနပ်ရိက္ခာလိုအပ်ချက်တွေကိုပါ ဖြည့်ဆည်းပေးရတဲ့ စိန်ခေါ်မှုတွေပါ ကြုံနေရတယ်လို့ ပြောပါတယ်။

 

နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ရဲ့ ငွေရတုအထိမ်းအမှတ် ထုတ်ပြန်စာမှာကျန်းမာရေးဆိုင်ရာ ဆေးရုံ၊ ဆေးခန်းတွေနဲ့ လူထုတွေကို စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်နေတာတွေကို နိုင်ငံတကာက အမြန်ဆုံးအရေးယူပေးဖို့အပါအဝင် ၇ ချက် တောင်းဆိုခဲ့ပါတယ်။

သြဂုတ်လ ၁၈ ရက်နေ့က ကျရောက်တဲ့ နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုအထိမ်းအမှတ်မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ကို ၁၉၉၈ ခုနှစ်၊ သြဂုတ်လ ၁၈ ရက်မှာ ထိုင်း - မြန်မာနယ်စပ်မှာ စတင်တည်ထောင်ခဲ့ပြီး ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း၊ ချင်း၊ ကချင်၊ ရခိုင်၊ ပအိုဝ်း၊ တအာင်း (ပလောင်)၊ နာဂ၊ ကယန်းစတဲ့ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းပြီးနောက်မှ စစ်ရေးပဋိပက္ခဇုန်အသစ်တွေဖြစ်တဲ့ မြေပြန့်ဒေသ စစ်ကိုင်းနဲ့ မကွေးကိုတော့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့သာ ကူညီမှုတွေဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေအနေနဲ့ နယ်စပ်ဖြတ်ကျော်ပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ပေးဖို့၊ ဖယ်ဒရယ်ကျန်းမာရေးစနစ်တည်ဆောက်ဖို့အတွက် နိုင်ငံတကာနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေအနေနဲ့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့၊ နိုင်ငံတကာက စစ်အုပ်စုကို အသိအမှတ်ပြုနေတာတွေ လုံးဝရပ်ဆိုင်းဖို့ နဲ့ လူသားချင်းစာနာမှုအကူအညီတွေ၊ ဖွံ့ဖြိုးရေးအကူအညီတွေနဲ့ စစ်အုပ်စုအကျိုးစီးပွားဖြစ်စေတဲ့ ဆောင်ရွက်မှုတွေကို ရပ်ဆိုင်းဖို့ တောင်းဆိုထားပါတယ်။

၂၀၂၂ ခုနစ်အတွင်း မြန်မာနိုင်ငံမှာ အကူအညီပေးရေးဝန်ထမ်းများ အကြိမ်ပေါင်း ၂၀ တိုက်ခိုက်ခံခဲ့ရပြီး အကူအညီပေးရေးဝန်ထမ်းများအား တိုက်ခိုက်မှုများကို လက်ခံနိုင်စရာ အကြောင်းမရှိဟု အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly