အာဆီယံအလှည့်ကျဥက္ကဌသက်တမ်းမကုန်ခင် မြန်မာအရေးဖြေရှင်းဖို့ အင်ဒိုနီးရှားကို APHR တိုက်တွန်း

By မဇ္ဈိမ 
21 August 2023
အာဆီယံအလှည့်ကျဥက္ကဌသက်တမ်းမကုန်ခင် မြန်မာအရေးဖြေရှင်းဖို့ အင်ဒိုနီးရှားကို APHR တိုက်တွန်း

အာဆီယံအလှည့်ကျဥက္ကဌ တာဝန်သက်တမ်းမကုန်ခင် မြန်မာအရေးဖြေရှင်းဖို့ အင်ဒိုနီးရှားကို အာဆီယံလွှတ်တော်အမတ်များအဖွဲ့(APHR)က တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ ကျန်နေတဲ့ အချိန်ကို မြန်မာပြည် ဒီမိုကရေစီရေးအတွက် ထိရောက်အောင် လုပ်ဆောင်ဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က တိုက်တွန်းလိုက်တာပါ။

အင်ဒီုနီးရှား သမ္မတ Joko Widodo လွှတ်တော်မှာ ပြောကြားတဲ့ မိန့်ခွန်းမှာ အင်ဒီုနီးရှားနိုင်ငံအနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ကာလအတွင်း လူ့အခွင့်အရေး၊ လူသားဆန်မှုနဲ့ တန်းတူညီမျှမှုတွေကို တစိုက်မတ်မတ် ထိန်းသိမ်း ကာကွယ်ခဲ့တဲ့အကြောင်းနဲ့ ဒါကြောင့်လည်း နိုင်ငံတကာရဲ့ ယုံကြည်မှုကို ပိုမို ရရှိခဲ့တဲ့အကြောင်း ပြောဆိုသွားပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ လွှတ်တော်အတွင်း မိန့်ခွန်းပြောကြားခဲ့အပြီးမှာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့(APHR)က ဩဂုတ်လ ၁၇ရက်မှာ ယခုလို တိုက်တွန်းပြောဆိုခဲ့တာဖြစ်ပါတယ်။

အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့အချိန်မှာ မြန်မာအရေးနဲ့ပတ်သက်ပြီး အောင်မြင်မှုမရခဲ့တဲ့အကြောင်း APHR ဘုတ်အဖွဲ့ဝင် မလေးရှားလွှတ်တော်အမတ် Wong Cheng က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့အတွက် NUG နဲ့ စစ်ကောင်စီ နှစ်ဖက်လုံးကို တွေ့ဆုံဆွေးနွေးမှုပေါင်း ၇လအတွင်း အကြိမ် ၁၁၀ထိရှိခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။

ဒါပေမဲ့လည်း ဒီတွေ့ဆုံမှုတွေဟာ ထင်သာမြင်သာမှု မရှိသလို မြန်မာစစ်ကောင်စီဘက်က ကျုးလွန်နေတဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ဟန့်တားနိုင်ခြင်း မရှိတဲ့အကြောင်း APHR ပါလီမန်အမတ်တွေက ဝေဖန်ပါတယ်။

မြန်မာအပေါ် ခိုင်မာပြတ်သားတဲ့ အရေးယူမှုတွေ မလုပ်နိုင်ခြင်းကြောင့် စစ်ကောင်စီရဲ့ မိတ်ဖက်နိုင်ငံတွေက မြန်မာ့အရေးမှာ အာဆီယံရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်ဆောင်ဖို့ ဖြစ်နေတယ်ဆိုပြီး မကြာသေးခင်က ထိုင်းနိုင်ငံက သူ့သဘောနဲ့သူ ကြားဝင် ဆောင်ရွက်ခဲ့တဲ့ကိစ္စကို ဥပမာပေးပြီး လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က ကြေညာချက် ထုတ်ပြန် ဝေဖန်ထားပါတယ်။

မြန်မာနိုင်ငံတွင်းက မတည်ငြိမ်သေးတဲ့အခြေအနေ နဲ့ ကြိုတင်ပြင်ဆင်စရာတွေ လိုအပ်နေသေးလို့ ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူမယ့်အစီအစဉ်ကို တစ်နှစ်ရွှေ့ဆိုင်းလိုက်တယ်လို့ သံတမန်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ထိုင်းအခြေစိုက် PBS သတင်းဌာနက ဩဂုတ်လ ၁၅ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

ဒါ့ပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့  အင်ဒိုနီးရှားအနေဖြင့် မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အရှိန်မြှင့်ကြိုးပမ်းနေတယ်လို့လည်း ပြောဆိုထားတာဖြစ်ပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly