လိပ်ကျွန်းလူသတ်မှုအတွက် နောက်ဆုံးအယူခံတင်သွင်းရန် အသင့်ဖြစ်နေ

လိပ်ကျွန်းလူသတ်မှုအတွက် နောက်ဆုံးအယူခံတင်သွင်းရန် အသင့်ဖြစ်နေ
ဓာတ်ပုံ -EPA

ချင်းမိုင်၊ဧပြီ ၇ ။         ။ ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရတ်ဌာနီခရိုင် လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချမှတ်ခံရသူ မြန်မာရွှေ့ပြောင်းလုပ်သား နှစ်ဦး၏ အမှု နောက်ဆုံးအယူခံကို ဧပြီ ၂၂ ရက်တွင်  တင်သွင်းရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း သိရသည်။

 ကိုဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့အား သေဒဏ်ချမှတ်မှုအပေါ် အယူခံ ဝင်ရန်အတွက် သုံးလကြာ အချိန်ယူ၍ ပြင်ဆင်ထားသော အယူခံကို လာမည့် ဧပြီလ ၂၂ ရက်မတိုင်မီ ဘန်ကောက်မြို့ရှိ အယူခံ တရားရုံးသို့ တင်သွင်းသွားမည် ဖြစ်ကြောင်း မြန်မာသံရုံး အထူးစုံစမ်းရေးကော်မတီမှ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။

“အခုတော့ အဆင်သင့်ဖြစ်နေပါပြီ။ ၂၂ ရက်နေ့ နောက်ဆုံးထားပြီးတော့ အယူခံတင်ရမယ်လို့ ပြောပါတယ်။ အခု လောလော ဆယ်တော့ မြန်မာပြည် ဥပဒေအရာရှိတွေရဲ့ အကြံပေးစာကိုလည်း အန်ကယ်တို့ သံရုံးကနေ ရှေ့နေများ ကောင်စီ ရုံးကို ပို့လိုက်ပါပြီ။ အင်္ဂလိပ်လိုရေးပြီးတော့ အယူခံ အကြံပေးချက်ပေါ့၊ ပိုပြီးပါပြီ”ဟု ရှေ့နေ ဦးအောင်မျိုးသန့်က မဇ္ဈိမကို ပြောသည်။

 မြန်မာလုပ်သား ကိုဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ အပြစ်မရှိကြောင်း ရုံးတော်သို့ တင်ပြထားသဖြင့် တရား ဥပဒေအတိုင်း ဆောင်ရွက်မည်ဆိုပါက အဆင်ပြေသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

အယူခံ တင်ပြပြီးနောက် တရားရုံးမှ ပြန်လည် သုံးသပ် စစ်ဆေး၍ လိုအပ်ပါက တရားခံပြနှင့် တရားလိုပြသက်သေများအား ပြန်လည် စစ်ဆေးမည် ဆိုပါက အချိန် ၆ လ ကြာမည် ဖြစ်ကြောင်း သူက ပြောသည်။

အမိန့်ချမှတ်ခဲ့ပြီးနောက် အမှု အယူခံ လျောက်ထားရန်အတွက် ရက်တိုးပေးရေးရန် တတိယမြောက် တင်ပြချက်ကို မတ် ၂၃ ရက်က တရားရုံးသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလက ဗြိတိန်နိုင်ငံသား ဟန်နာ ဝစ်သာရစ်နှင့် ဒေးဗစ်မေလာတို့ လိပ်ကျွန်းတွင် အသတ်ခံရမှုတွင် မြန်မာရွေးပြောင်းအလုပ်သမား ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ထိုင်းရဲတပ်ဖွဲ့က တရားလို ပြုလုပ်၍ တရားစွဲဆိုခဲ့ရာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ကိုဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့သည် ဘန်းကောက်မြို့အနီးရှိ ဘန်ခွမ် အကျဉ်းထောင်တွင် အကျဉ်းကျခံနေရကာ ကျန်းမာရေးကောင်းမွန်နေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly