မိုက်ကယ်ကျော်မြင့်က ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးခင်ရီကို ဆဲဆိုမှုဖြင့် အမှု ၃မှု ရင်ဆိုင်နေရသော်လည်း ထပ်မံဆဲဆို

By ကီရာ
20 August 2023
မိုက်ကယ်ကျော်မြင့်က ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးခင်ရီကို ဆဲဆိုမှုဖြင့် အမှု ၃မှု ရင်ဆိုင်နေရသော်လည်း ထပ်မံဆဲဆို

အစွန်းရောက်လူမျိုး ဘာသာရေးဝါဒီ မိုက်ကယ်ကျော်မြင့်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးခင်ရီကို ဥက္ကဌကြီး လောင်ကီးဟု ဆဲဆိုမှုဖြင့် ဆက်သွယ်ရေးပုဒ်မ (၆၆ )ဖြင့် နေရာ သုံးနေရာတွင် အမှု သုံးမှုဖြင့် ရင်ဆိုင်နေရသော်လည်း ဩဂုတ် ၁၉ရက်နေ့တွင် ၎င်း၏ လူမှုကွန်ရက်မှ တဆင့် ကြံ့ခိုင်ရေးဥက္ကဌ ဦးခင်ရီကို ထပ်မံဆဲဆိုမှု ပြုလုပ်ပြန်သည်။

“ဟျော့ ခင်ရီ ငါက မင်းနာမည်ကိုခေါ်ရင် မင်းကဖင်မြီးယမ်းပြရမှာ မဟုတ်လား “ဟူ၍ မိုက်ကယ်ကျော်မြင့်က ရေးသားထားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် “ ငါ မိုက်ကယ်ကျော်မြင့် ဟျော့ ခင်ရီ မင်းကို …..ပဲထင်တယ်ကွာ”ဟုလည်း ထပ်မံရေးသားထားခဲ့သည်။

ထိုသို့ ဆဲဆိုသည့် အရေးအသားများကို ၎င်းလူမှုကွန်ရက်တွင်တင်ပြီး နာရီပိုင်းအကြာတွင် ပြန်လည် ဖျက်သွားခဲ့သော်လည်း အာဏာသိမ်း စစ်တပ်ထောက်ခံသူတချို့က အဆိုပါစာများကို စခရင်ရှော့များ ရယူထားကြပြီး ပြည်ခိုင်ဖြိုးပါတီအနေဖြင့် မည်သို့ ဆက်လက်အရေးယူမည်ကို သိချင်ကြောင်း ၎င်းတို့လူမှုကွန်ရက်မှတဆင့် ပြန်လည်မျှဝေခဲ့ကြသည်။

“ ပြည်ခိုင်ဖြိုးပါတီ ဦးခင်ရီအား အနီရောင်ဖြင့် မဖွယ်မရာ ရေးသားတင်ခဲ့သော ပိုစ့်ကို ပြည်ခိုင်ဖြိုးပါတီမှ အမှုဖွင့်မည့်သတင်း ကြားသိသွားသဖြင့် ၎င်းတင်ထားခဲ့သည့် အနီရောင်ပိုစ့်နှစ်ခုအား ကြောက်လှန့်ပြီး ပြန်ဖြုတ်သွားကြောင်း သိရှိရ ။ မင်းပြန်ဖြုတ်သွားပေမယ့် ပြည်ခိုင်ဖြိုးက SS ယူထားပြီးဖြစ်။ အော် ဒီကောင် အတော်ကြောက်တတ်ပါလား။ ဟျော့ ဖင်မြီးယမ်းပြရမှာ မင်းဟ”ဟု စစ်လော်ဘီတဦးဖြစ်သည့် စစ်သွေးဇာနည်မှ ပြန်လည် ရေးသားထားသည်ကို တွေ့ရသည်။

မိုက်ကယ်ကျော်မြင့်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြီးခဲ့သည့် မတ်လ ကတည်းကပင် အပြန်အလှန်တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး မိုက်ကယ်ကျော်မြင့်သည် ရန်ကုန်တိုင်း မရမ်းကုန်းမြို့မ ရဲစခန်းတွင် အမှု တစ်မှုနှင့် နေပြည်တော်တွင် အမှု နှစ်ခု ရင်ဆိုင်နေရဆဲဖြစ်သည်။

မိုက်ကယ်ကျော်မြင့်ဘက်မှလည်း ကြံ့ခိုင်ရေးပါတီအနေဖြင့် မှတ်ပုံတင်ထားသောအဆင့်တွင် တရားဝင်နိုင်ငံရေးပါတီအနေဖြင့် လိမ်လည်ပြောဆိုသည်ဟုဆိုကာ ကြံ့ခိုင်ရေးပါတီ၏ ဥက္ကဌဦးခင်ရီနှင့် ဗဟိုကော်မတီအဖွဲ့ဝင်များအား အမှုဖွင့်ဆောင်ရွက်ပေးရန် နေပြည်တော် ဒဏ္ခိဏသီရိမြို့မ ရဲစခန်းသို့ ဧပြီ ၁၉ရက်က ပေးပို့တိုင်ကြားခဲ့ကြောင်း သိရှိရသော်လည်း အဆိုပါအမှုနှင့် ပတ်သက်၍ ယနေ့အထိ မိုက်ကယ်ကျော်မြင့်မှ ထပ်မံပြောဆိုခြင်း မရှိတော့ပေ။

မိုက်ကယ်ကျော်မြင့် တိုင်ကြားထားသလိုပင် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်က ကြံ့ခိုင်ရေးပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့သည်မှာ ဧပြီ ၂၀ရက်နေ့မှ ဖြစ်သည်။

စစ်ဘက်အရာရှိဟောင်းများ ဦးဆောင်သော ကြံ့ခိုင်ရေးပါတီမှာ စစ်အာဏာသိမ်းခြင်းကို ထောက်ခံသော ပါတီဖြစ်သလို မိုက်ကယ်ကျော်မြင့်သည်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထောက်ခံကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုတတ်သည်။

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required