နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၀ ဩဂုတ် ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၀ ဩဂုတ် ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

•    နိုင်ငံရေးအကျဉ်းသား CDM ဆရာဝန် ဒေါက်တာ ဇော်ထွယ်အောင် သေဆုံးရမှု ဖြစ်စဉ်အပေါ် ဆက်လက်စုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကျန်းမာရေး ဝန်ကြီးဌာနက ဩဂုတ် ၁၉ ရက်တွင် ထုတ်ပြန်သည်။

•    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီ၏ ခံတပ်စခန်း နှင့် ကျေးရွာသင်္ချိုင်းအနီးတွင် တပ်စွဲနေသည့် အကြမ်းဖက် စစ်တပ် စခန်း ၂ ခုကို KNLA/PDF ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်ရုံးချုပ်က ဩဂုတ် ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

•    မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြရွာ ရဲစခန်း နှင့် မြင်းခြံမြို့နယ်၊ ညောင်တိုရွာရှိ အကြမ်း ဖက် တပ်စခန်း ၂ ခုကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် တပ်ဖွဲ့ဝင် ဗိုလ်တစ်ဦး၊ အုပ်ချုပ်ရေးမှူး တစ်ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ များပြားခဲ့သည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ စစ်ရုံးချုပ်က ဩဂုတ် ၁၉ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

 

တော်လှန်ရေး လှုပ်ရှားမှုများ

•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဩဂုတ် ၂၀ ရက်တွင် စစ်အာဏာရှင်တော်လှန်ရေး ချီတက်ဆန္ဒပြခဲ့ ကြောင်း သိရသည်။

•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဩဂုတ် ၂၀ ရက်တွင် အကြမ်းဖက် စစ်တပ် နှင့် ပူးပေါင်းနေသည့် ဝမ်ပေါင်-ယန်စီ ကုမ္ပဏီ အလို မရှိကြောင်း “ကြေးနီ သတ္တုတွင်း အကြောင်းပြုလူသတ်ပွဲလုပ်နေတာ ချက်ချင်းရပ် ” စာတန်း ကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

•    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ဩဂုတ် ၂၀ ရက်တွင် အစားအသောက်များ ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။

•    စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဩဂုတ် ၂၀ ရက်တွင် အကြမ်းဖက်စစ်တပ် နှင့် ပူးပေါင်းနေသည့် ဝမ်ပေါင်-ယန်စီ ကုမ္ပဏီအလို မရှိကြောင်း “ကြေးနီ သတ္တုတွင်း အကြောင်းပြု လူသတ်ပွဲလုပ်နေတာ ချက်ချင်းရပ်” စာတန်း ကိုင်ဆောင်ကာ ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။

•    စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ကွင်းကြီးရွာအနီးတွင် ဩဂုတ် ၂၀ ရက်၊ နံနက် ၉ နာရီကျော်ခန့် က တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်မှုများပြားသောကြောင့် Mi 35 ရဟတ်ယာဉ် နှစ်စီး ဖြင့် ပစ်ခတ်နေကြောင်း ဒေသခံပြည်သူများက ပြောသည်။

•    စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စက္ကန့်ကျေးရွာတွင် အကြမ်းဖက်စစ်တပ်မှ ပစ်ခတ်ခဲ့သည့် မပေါက်ကွဲ သေးသည့် လက်နက်ကြီးကျည်များကို ယနေ့ ဩဂုတ် ၂၀ ရက်တွင် တွေ့ရှိသဖြင့် ဖယ်ရှား ရှင်း လင်း ပေးခဲ့ရကြောင်း မိုင်းရှင်းလင်းရေးအဖွဲ့ထံမှ သိရသည်။

•    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့မှ ဝက်လက်မြို့နယ်၊ ဟန်လင်း ပျူမြို့ဟောင်းကို တပ်ချိန်းရန် လာသည့် စစ်ကြောင်း ၂ ကြောင်းကို ၂ ကြိမ် တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း BLACK WOLF-ARMY အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    ပဲခူးတိုင်း၊ ဖြူးမြို့နယ် နှင့် ကျောက်တံခါးမြို့နယ်အစပ်တွင် ဩဂုတ် ၁၈ ရက်၊ နံနက်ပိုင်းက အကြမ်းဖက်စစ်တပ်၏ ထောက်ပို့ရထားကို မိုင်းဆွဲပြီးနောက် လုံခြုံရေးလာယူသည့် တပ်များကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေါင်းဖြူစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

•    တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရပ်တော်မူဘုရား၌ ယာယီတပ်စွဲထားသော အကြမ်းဖက် စစ်တပ်က သေနတ်ပစ်ခတ်ခဲ့ရာ ပြည်သူ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း Dawei Information Center မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

•    ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းကျေးရွာရှိ စာသင်ကျောင်းတွင် ဝင်ရောက် အထိုင်ချနေသော စစ်ကောင်စီ တပ်သားများအား ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီ ဘက်က ဗိုလ်ကြီးတစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဂဠုန်စစ်ကြောင်းက ဩဂုတ် ၁၉ ရက်တွင် ထုတ်ပြန်သည်။

•    ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့ကို ရွေးကောက်ပွဲစနစ်ဖြင့် တင်မြှောက်သည့် ရဲချုပ်နှင့် ဒုရဲချုပ်က ဦးဆောင်မည့် ပြည်သူ့ရဲတပ်ဖွဲ့ဥပဒေကို Chim State People’s Police Force က ယနေ့ ဩဂုတ် ၂၀ ရက်တွင် ထုတ်ပြန်ကြေညာသည်။

•    မြန်မာနိုင်ငံအတွက် အရေးပေါ်လိုအပ်နေသော နေရာများကို လှူဒါန်းရန်အတွက် Summer Musical Night –NYC ရန်ပုံငွေဂီတဖျော်ဖြေပွဲကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်စီးတီး ရှိ Queens Theater တွင် ဩဂုတ် ၁၉ ရက်က ကျင်းပ ပြုလုပ်ခဲ့သည်။

•    မလေးရှားနိုင်ငံ၊ Kuala Lumpur မြို့နယ်၊ Kepong မြို့ရှိ NLD OC International Malysia ရုံးတွင် ဥက္ကဋ္ဌ ဦးစောမှူး ဦးဆောင်ပြီး ယနေ့ ဩဂုတ် ၂၀ ရက်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

တိုင်းရင်းသား လက်နက်ကိုင်များ

•    ကရင်နီ(ကယား) ပြည်နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် ကရင်နီတပ်များ နှင့်အတူ KNU တပ်များ ပါဝင်တိုက်ခိုက်နေသည်ဟု KNU ပြောရေးဆိုခွင့် ရှိသူ ပဒိုစောတောနီးက People’s Spring သတင်းဌာနနှင့် မေးမြန်းခန်းတွင် ပြောသည်။

•    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအနီးရှိ ရှမ်းဧကရာ်၏ သမိုင်းဝင် မြို့ရိုးဟောင်းကို မဖျက်ဆီးဘဲ စစ်ကောင်စီတပ်စခန်းကို ဖျက်ဆီးခြင်း ဖြစ်သည်ဟု တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး တားအိုက်ကျော်က မဲခေါင်သတင်းဌာနကို ပြောသည်။

 

စစ်ကောင်စီ

•    နေပြည်တော်၊ ဒဏ္ခိဏသီရီမြို့နယ်တွင် တည်ထားကိုးကွယ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ရဟန်းသံဃာများ၊ သီလရှင်များ နှင့် ကျောင်းသား ကျောင်းသူများကို အခမဲ့ ဖူးမြော်ခွင့်ပြုသွားမည်ဟု စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ဩဂုတ် ၁၉ ရက်က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။

•    ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ဒေါ်ပြုံးပြုံးအေးကို ခန့်အပ်တာဝန်ပေး လိုက်ကြောင်း စစ်ကောင်စီက ဩဂုတ် ၁၉ ရက်က အမိန့်ထုတ်ပြန်ခဲ့သည်။

•    စစ်ကောင်စီက အမေရိကန်တစ်ဒေါ်လာ ၃၉၀၀/၄၀၀၀ ကျပ်ဟု လူမှုကွန်ရက်တွင် ဖြန့်ဝေသူများ နှင့် သတင်းတင်သူများကို ကုန်ဈေးနှုန်းကြီးမြင့်စေရန် လုပ်ဆောင်မှုဖြင့် အရေးယူမည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ပြီး ခြိမ်းခြောက်ပြောဆိုလိုက်သည်။

•    မြန်မာနိုင်ငံအတွင် တင်သွင်းမည့် သွင်းကုန်အတွက် နိုင်ငံခြားငွေ ၃ လစာ၊ စက်သုံးဆီ တင်သွင်းရန်အတွင် နိုင်ငံခြားငွေ ၂ လစာ အလုံအလောက်ရှိကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ထားသော်လည်း စီးပွားရေးသမားများက အယုံအကြည် မရှိကြောင်း သိရသည်။

•    မြန်မာနိုင်ငံအတွင်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ၏ ၂၃ ဒသမ ၅ ရာခိုင်နှုန်းခန့် ရှိကြောင်း စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြောသည်။

•    မြဝတီလမ်းပိုင်းအချို့ ပျက်စီးမှုကို ပြန်လည်ပြင်ဆင်နေသည့် ကာလအတွင်း တင်ပို့၊ တင်သွင်းမှု များကို အခြားကုန်သွယ်ရေး စခန်းများ နှင့် ပင်လယ်ရေကြောင်းက ပြောင်းလဲ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် မူကြမ်းကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနက ထုတ်ပြန်ကြေညာသည်။

•    စစ်ကောင်စီ၏ မိတ်ဖက် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း MAI က အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၇၂၀ ကျပ်ထိ ဒုတိယအကြိမ် ထပ်မံတိုးမြှင့်၍ ငွေကြေး ကောက်ခံမှုူများ ပြုလုပ်နေကြောင်း လေယာဉ်လက်မှတ် အရောင်းအေးဂျင့်များထံမှ သိရသည်။

 

ဩဂုတ် ၂၀ ရက် သုံးသပ်ချက်

•    စစ်ကောင်စီက ဒေါ်လာငွေလိုအပ်ချက်များပြားနေပြီး ပြည်တွင်းဒေါ်လာဈေးမြင့်တက်နေမှုကို ထိန်းချုပ်နိုင်သည့်အရည်အချင်း မရှိဘဲဒေါ်လာဈေး မြှင့်တင်သူများကို အရေးယူမည်ဟု ခြိမ်းခြောက်ပြောဆိုနေသည်။

•    စစ်ကောင်စီကို ပြည်တွင်းမှာ ခုခံတော်လှန်မှုများ အားကောင်းနေသလို ပြည်ပတွင်လည်း စစ်ကောင်စီတော်လှန်ဆန့်ကျင်မှုများ တက်တက်ကြွကြွလှုပ်ရှားမှု အားကောင်းနေသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required