အာရှ ချစ်ပ်ပြား ထုတ်လုပ်ရေးလောကတွင် ဈေးကွက်နေရာရရေး အိန္ဒိယနှင့် ထိုင်းတို့ အပြိုင်ကြိုးပမ်းနေ 

အာရှ ချစ်ပ်ပြား ထုတ်လုပ်ရေးလောကတွင် ဈေးကွက်နေရာရရေး အိန္ဒိယနှင့် ထိုင်းတို့ အပြိုင်ကြိုးပမ်းနေ 

အာရှရှိ ချစ်ပ်ပြားထုတ်လုပ်ရေး လောကတွင် ဈေးကွက်နေရာ ရရှိရန် အိန္ဒိယနှင့် ထိုင်းတို့သည် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေး ရင်းနှီးမြှုပ်နှံမှုတွင် အင်တိုက်အားတိုက် ယှဉ်ပြိုင်လျက်ရှိကြောင်း Nikkei Asia သတင်းတွင် ဖော်ပြထားသည်။  

တရုတ်နှင့် အမေရိကန်တို့အကြား ချစ်ပ်ပြားဆိုင်ရာ ပဋိပက္ခကြောင့် အိန္ဒိယသည် အခြားရွေးချယ်စရာ နိုင်ငံတစ်ခု ဖြစ်လာပြီး ထုတ်လုပ်ရောင်းချရေး လုပ်ငန်းစဉ်တွင် အဓိကဇာတ်ကောင် ဖြစ်လာစေမည့် အခွင့်အလမ်း မှန်သမျှကိုလည်း ရှာဖွေလျက်ရှိသည်။ 

အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် ဇူလိုင် ၂၈ ရက်က ကျင်းပသည့် စက်မှုလုပ်ငန်းဆိုင်ရာ အခမ်းအနားဖြစ်သော SemiconIndia 2023 တွင် မိန့်ခွန်း ပြောကြားစဉ် ကမ္ဘာလုံးဆိုင်ရာ ချစ်ပ်ပြားထုတ်လုပ်ရေး လုပ်ငန်းကို ဆွဲဆောင်ရန် အိန္ဒိယနိုင်ငံ၏ အားသာချက်များကို ထုတ်ဖော်‌ပြောကြားခဲ့သည်။  

 “ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံထက် ပိုပြီးယုံကြည်စိတ်ချရတဲ့ မိတ်ဖက် ရှိပါဦးမလား” ဟု ယင်းမိန့်ခွန်းတွင် မေးခွန်းထုတ်ခဲ့သည်။ "အိန္ဒိယဟာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်မှာ ဆက်လျှောက် လာတာနဲ့အမျှ အခွင့်အလမ်းသစ်တွေ ပေါ်လာမှာဖြစ်ပြီး တစ်ပိုင်းလျှပ်ကူးပစ္စည်း ရင်းနှီးမြှုပ်နှံမှုတွေအတွက် အကောင်းဆုံး နိုင်ငံဖြစ်လာနေပါတယ်” ဟု ဝန်ကြီးချုပ် မိုဒီက ဆက်လက် ပြောကြားခဲ့သည်။ 

အိန္ဒိယအစိုးရသည် ရူပီး ၇၆၀၀၀ ကုဋေ အသုံးပြုသွားမည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် ဖန်သားပြင် (display) ထုတ်လုပ်ရေး အထူးအစီအစဉ် ကို ၂၀၂၁ ခုနှစ်တွင် အတည်ပြုခဲ့ကြောင်း သတင်းအချက်အလက် နည်းပညာနှင့် လျှပ်စစ်ပစ္စည်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

အဆိုပါ အစီအစဉ်သည် ဆီလီကွန်တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေး၊ ဖန်သားပြင် (display) ထုတ်လုပ်ရေး၊ ပေါင်းစပ် တစ်ပိုင်းလျှပ်ကူးပစ္စည်း/ဆီလီကွန် ဖိုတွန်/အာရုံခံကိရိယာများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုပ်ပိုးခြင်းနှင့် ဒီဇိုင်းထုတ်ခြင်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီများအား မက်လုံးပေး ဆွဲဆောင်နိုင်ရန် ရည်ရွယ်ထားသည်။ 

အိန္ဒိယကို ချစ်ပ်ပြားထုတ်လုပ်သည့် နိုင်ငံဖြစ်လာစေရန် ကြိုးပမ်းချက်တစ်ခုအနေဖြင့် မတည်ရင်းနှီးငွေ ရူပီး ၂၂၅၁၆ ကုဋေ(ဒေါ်လာ ၂ ဒသမ ၅ သန်း) အသုံးပြု၍ တစ်ပိုင်းလျှပ်ကူးပစ္စည်းစက်ရုံ တည်ထောင်ရန် Micron နည်းပညာကုမ္ပဏီ၏ အဆိုပြုချက်ကို  အစိုးရက ဇွန်လ ၁၄ ရက်တွင် အတည်ပြုခဲ့သည်။ အဆိုပါ စက်ရုံမှ DRAM များ၊ Flash Memory နှင့် Solid-State ကိရိယာများကို ထုတ်လုပ်သွားမည် ဖြစ်သည်။ 

ထိုင်ဝမ်မှ Hon Hai Precision Industry ခေါ် Foxconn သည် ကာနာတာကာ ပြည်နယ်တွင် ယင်းကဲ့သို့သော စက်ယန္တရားများကို ထုတ်လုပ်ရန် အမေရိကန် ချစ်ပ်ပြားထုတ်လုပ်ရေး စက်ကိရိယာများ ထုတ်လုပ်သည့် Applied Materials ကုမ္ပဏီ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း Nikkei Asia သတင်းတွင် ဖော်ပြထားသည်။  

အိန္ဒိယသည် အချောထည် လုပ်ငန်းစဉ်များနှင့် ချစ်ပ်ပြားထုတ်လုပ်ရေး စက်ပစ္စည်းထုတ်လုပ်မှုတွင် ခိုင်မာအားကောင်းသော ကုမ္ပဏီများတည်ရှိရာ ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လျက်ရှိသည်။  တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရောင်းချရေး လုပ်ငန်းစဉ်တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နားလည်မှုစာချွန်လွှာကို ဇူလိုင်လတွင် နှစ်နိုင်ငံအစိုးရများက လက်မှတ်ရေးထိုးခဲ့ကြကြောင်း Nikkei Asia သတင်းတွင် ဖော်ပြခဲ့သည်။ 

တစ်ဖက်တွင်လည်း ထိုင်းနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သည့် ပြည်ပရင်းနှီးမြုပ်နှံမှု မူဝါဒ တာဝန်ခံ နာရစ်သာစတီးယားဆုခ်ဒီက တစ်ပိုင်းလျှပ်ကူးပစ္စည်းများသည် အရေးအကြီးဆုံး ကုန်ပစ္စည်းများတွင် ပါဝင်ကြောင်း ပြောကြားခဲ့သည်။  

ထိုင်းအစိုးရက ချစ်ပ်ပြားကုမ္ပဏီများ အကျိုးအမြတ်ရရှိစေရန် ဝင်ငွေခွန်များကို လျှော့ချပေးထားသည်။ ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည့် ထုတ်လုပ်ရောင်းချရေး ကုမ္ပဏီကို ယခုအခါ ၁၃ နှစ်အထိ ဝင်ငွေခွန် ကင်းလွတ်ခွင့်ပေးထားသည်။  

ထိုင်းနိုင်ငံသည် တစ်ပိုင်းလျှပ်ကူးပစ္စည်း ဒီဇိုင်းထုတ်ခြင်းနှင့် အပေါ်ယံ အလွှာပါးများကို ထုတ်ယူခြင်းကဲ့သို့သော အချောထည် လုပ်ငန်းစဉ်များတွင် ပါ၀င်သည့် ကုမ္ပဏီများကို အလေးထား ဆွဲဆောင်လျက်ရှိသည်။ အဆိုပါ လုပ်ငန်းစဉ်များသည် ပုံဖော်ဖြတ်တောက်ခြင်းနှင့် ထုပ်ပိုးခြင်းတို့ပါဝင်သည့် နောက်ကွယ်မှ လုပ်ငန်းစဉ်များထက် နည်းပညာပိုင်းအရ ပို၍အဆင့်မြင့်သည်ဟု သတ်မှတ်ထားကြသည်။  

ထိုင်းနိုင်ငံသည် လျှပ်စစ်ကား တပ်ဆင်သည့် စက်ရုံများနှင့် ထုတ်လုပ်ရေးကုမ္ပဏီများကို ပေါင်းစည်းကာ ပြည်တွင်း ထုတ်လုပ်ရေးလုပ်ငန်းကို ဖော်ဆောင်လျက်ရှိသည်။ ဓာတ်ဆီအင်ဂျင်ကားများထက် လျှပ်စစ်ကားများတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းကိရိယာများ ပိုမိုပါဝင်လာနိုင်သောကြောင့် ပြည်တွင်းလျှပ်စစ်ကား ကဏ္ဍသည် ထိုင်းနိုင်ငံအတွက် အားသာချက်တစ်ခုဖြစ်လာနိုင်သည်။  

အိန္ဒိယနှင့် ထိုင်းတို့သည် ချစ်ပ်ပြားကုမ္ပဏီများ၏ ပြောင်းလဲလာသော အခြေအနေများနှင့် အလိုက်သင့် လိုက်ပါဆောင်ရွက်နိုင်သော အစိုးရများတွင် ပါဝင်သည်။ ထိုင်းနိုင်ငံသည် တရုတ်-အမေရိကန် တင်းမာမှုများမှ လွတ်ကင်းရာ ကြားနေနိုင်ငံအဖြစ် ယူဆနိုင်ကြောင်း နာရစ်က ပြောကြားခဲ့သည်ဟု Nikkei Asia တွင် ဖော်ပြထားသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly