မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

By ပါခွီး (မဇ္ဈိမ)
18 August 2023
မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့မှ စစ်ကိုင်းဖက်သို့ထွက်လာသော တွဲကားသုံးစီးဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများကို မြင်းမူမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြင်းမူလင်းယုန်နက်ကာကွယ်ရေးတပ်ဖွဲ့ (Black Eagle Defence Force – MMU)က ဩဂုတ်လ ၁၈ရက် ယနေ့တွင် ထုတ်ပြန်သည်။

မုံရွာ -မန္တလေးလမ်းပိုင်းတလျောက်တွင် စစ်ကောင်စီတပ်သား ကင်းပုန်းများအပြည့် ချထားသည့်ကြားမှ စစ်ကောင်စီယာဥ်တန်းကို ဩဂုတ်လ ၁၅ရက်နေ့တွင် ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်များက ပဒေသာမိုင်းများဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီရဲ့ ကားတွေကို ထိခိုက်ပျက်စီးသွားတာတွေရှိပါတယ်၊ သေဆုံးဒဏ်ရာ ရတာတွေကိုတော့ အတိအကျ မသိရသေးပါဘူး” ဟု မြင်းမူလင်းယုန်နက် ကာကွယ်ရေးတပ်ဖွဲ့  တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် တွဲကားသုံးစီးကို မြင်းမူမြို့နယ် အလ္လကပ္ပ ကျေးရွာနှင့် ဘဘိုးမင်းကြီးကင်းကျေးရွာအကြားတွင် ညနေ ၅နာရီ ၄၇မိနစ်အချိန် တွင် ပဒေသာမိုင်း ကိုးလုံးအသုံးပြု၍ သုံးကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါယာဥ်တန်းကိုပင် အလ္လကပ္ပနှင့် ဝမ်းပြည့်ကျေးရွာအကြား ပဒေသာမိုင်း ခုနစ်လုံး သုံး၍ နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ကားမှာ တာယာများပွင့်ထွက်သွားပြီး ဝမ်းပြည့် ရွာထဲတွင် ထိုးရပ်သွားခဲ့ကြောင်း သိရသည်။

ခဏအကြာတွင် ၎င်းတွဲကားကို တာယာမပါဘဲ ဂွေအတိုင်း မြင်းမူမြို့ထဲသို့ မောင်းနှင်သွားသည်ကို ပြန်လည်သိရှိရကြောင်း ဆိုသည်။
တိုက်ခိုက်မှုများတွင် ပဒေသာမိုင်း ၁၆ လုံးကို အသုံးပြု၍ ငါးကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီယာဥ်တန်း နောက်ဆုံးကားကို ထိမှန်ခဲ့ပြီး သေဆုံးဒဏ်ရာရရှိမှုများကို မသိရှိရသေးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

မိုင်းဆွဲတိုက်ခိုက်မှု တစ်ကြိမ်ပြီးတိုင်းတွင် စစ်ကောင်စီတပ်မှ တရစပ်ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Black Eagle Defence Force နှင့် မြင်းမူမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ၊ T.G.R People’s Defense Force – Myanung ၊ ကျောက်ဆည်ခရိုင် အမှတ်(၂) တပ်ရင်းတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မြင်းမူမြို့နယ်
#MMU
#ပဒေသာမိုင်း
#hardnews 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly