လျှို့ဝှက်သေဒဏ်ပေးမှုအများဆုံးနိုင်ငံအဖြစ် တရုတ် သတ်မှတ်ခံရ

လျှို့ဝှက်သေဒဏ်ပေးမှုအများဆုံးနိုင်ငံအဖြစ် တရုတ် သတ်မှတ်ခံရ

ဘေဂျင်း၊ ဧပြီ၊ ၇ ။                ။ ပြီးခဲ့သည့်နှစ်အတွင်းက ကမ္ဘာတဝမ်းရှိ သေဒဏ်ကျင့်သုံးသောနိုင်ငံများတွင် သေဒဏ်ပေးမှုများ မြင့်တက်ခဲ့ရာ ၂၀၁၅ ခုနှစ် အတွင်း၌ ကမ္ဘာတဝမ်း သေဒဏ်ပေးခံခဲ့ရသူ အရေအတွက်မှာ အနည်းဆုံး ၁၆၃၄ ဦးထိ ရှိခဲ့ကြောင်း နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ကထုတ်ပြန်ကြေညာခဲ့သည်။

ထိုအရေအတွက်အရ ၂၀၁၅ ခုနှစ်တွင် ၂၀၁၄ ခုနှစ်ကထက် ကမ္ဘာတဝမ်းသေဒဏ်ပေးခံခဲ့ရသူ အရေအတွက် ၅၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းလည်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထား သည်။

သို့ရာတွင် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်သည့် ကမ္ဘာတဝမ်းသေဒဏ်ပေးခံရသူအရေအတွက် စုစုပေါင်းထဲတွင် ကမ္ဘာပေါ်တွင် သေဒဏ်ပေးမှုအမြင့်ဆုံးနိုင်ငံဟု ယူဆထားကြသည့် တရုတ်နိုင်ငံ၌ သေဒဏ်ပေးခံရသူများ ပါဝင်ခြင်း မရှိသေးချေ။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့သည် ၎င်းတို့၏အစီရင်ခံစာတွင် တရုတ်နိုင်ငံ၌သေဒဏ်ကျခံရသူအရေအတွက်ကို အတိအကျထုတ်ဖော်မှတ်တမ်းတင်ထားခြင်း မရှိသော်လည်း ယုံကြည် ရလောက်သောသတင်းအချက်အလက်များအရ တရုတ်နိုင်ငံတွင် နှစ်စဉ် ထောင်နှင့်ချီသောလူများကို သေဒဏ်ပေးလျှက်ရှိသည်ဟု ဖော်ပြခဲ့သည်။

၂၀၁၄ ခုနှစ်အတွင်းက တရုတ်နိုင်ငံတွင် သေဒဏ်ပေးကွပ်မျက်မှုပေါင်း အနည်းဆုံး ၂၄၀၀ ခန့်အထိရှိခဲ့ကြောင်းနှင့် လူ ၅၆၂၅၀၀ လျှင် တစ်ဦးနှုန်းသေဒဏ်ပေးကွပ်မျက်ခံခဲ့ရသည်ဟု ကမ္ဘာတဝမ်းသေဒဏ်ပေးကွပ်မျက်မှုများကို စောင့်ကြည့် လေ့လာလျှက်ရှိသည့် ဥပဒေအဖွဲ့အစည်းတစ်ရပ်က ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် တရုတ်နိုင်ငံ၌ သေဒဏ်ပြစ်ဒဏ်ချမှတ်မှုများမှာ ပွင့်လင်းမြင်သာမှုမရှိသလို လူအများသို့ အတိအလင်း အသိပေးခြင်းမပြုဘဲ သေဒဏ်ချမှတ်မှုများလည်း ရှိနေသည်။

ထို့ပြင် တရုတ်နိုင်ငံပိုင်မီဒီယာများနှင့် အခြားတရားဝင်ထုတ်ပြန်ကြေညာချက်များတွင် ဖော်ပြရာတွင် သေဒဏ်ပေး ကွပ်မျက်သည့်အကြိမ်ရေကို အမှန်တကယ်ကွပ်မျက်ခဲ့သည့် အကြိမ်ရေထက် လျှော့၍ပြလေ့ရှိသည်။

ထိုကဲ့သို့ တရားဝင်ကိန်းဂဏန်းအတိအကျရရှိရန်ခက်ခဲသဖြင့် နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ၎င်းတို့၏ အစီရင်ခံစာတွင် တရုတ်နိုင်ငံ၌ သေဒဏ်ပေးခံရသူအရေအတွက်ကို အတိအလင်း ထည့်သွင်းမဖော်ပြနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly