ပင်လယ်ဘူးတွင် ကိုယ်၀န်ဆောင်အမျိုးသမီးအပါအရပ်သား ၄ ဦးကို စစ်ကောင်စီ သတ်ဖြတ်သွားဟုဆို

By ရောင်နီ (မဇ္စျိမ)
18 August 2023
ပင်လယ်ဘူးတွင် ကိုယ်၀န်ဆောင်အမျိုးသမီးအပါအရပ်သား ၄ ဦးကို စစ်ကောင်စီ သတ်ဖြတ်သွားဟုဆို
Photo - မီးရှို့ခံထားရသည့် ရုပ်အလောင်း

စစ်ကိုင်းတိုင်း၊ပင်လယ်ဘူးမြို့နယ်၊ ပုလဲစင်ကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်တိုက်ခိုက်ပြီး  ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် အရပ်သားလေးဦးကို သတ်ဖြတ်ကာ နေအိမ်အချို့ကိုလည်းမီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ခန့်သည်ပြီးခဲ့သည့် ဩဂုတ်လ ၁၄ရက် နံနက် အစောပိုင်းတွင်ပင်လယ်ဘူးမြို့နယ် ပုလဲစင်ကျေးရွာသို့ ဝင်ရောက်လာကာ ရွာမှရွှေတူးဖော်ရေးလုပ်ငန်းတခုကိုပစ်ခတ်တိုက်ခိုက်ခြင်းဟု သိရသည်။

" အရပ်သား အယောက် ၁၅ယောက်လောက်ကို ဖမ်းတယ်။ လေးယောက်ကို သတ်သွားတယ်။ အိမ်တွေရော အလောင်းတချို့ပါ မီးရှို့သွားတယ်" ဟု ဟုမ္မလင်းမြို့ခံတဦးကပြောသည်။

အဆိုပါ ရွှေမျောမှ အသက် ၂၁နှစ်အရွယ် ကိုယ်ဝန်ဆောင်မဝိုင်းလေးကို သေနတ်ဖြင့်ပစ်သတ်ပြီးနောက် အမျိုးသားသုံးဦးကိုလည်း ရိုက်နှက်နှိပ်စက်ပြီး သတ်ဖြတ်သွားကြောင်း ပင်လယ်ဘူးမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မဇ္စျိမကို ပြောသည်။ 

ဖမ်းဆီးထားသူများအနက် အမျိုးသမီးအချို့ကို ပြန်လွှတ်ပေးပြီး အမျိုးသား ငါးဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းခေါ်သွားသည်ဟု သတင်းရရှိသည်။

သေဆုံးသူ လေးဦး၏ ရုပ်အလောင်းများကို ယမန်နေ့ သြဂုတ်လ ၁၇ ရက်နေ့က ပုလဲစင်ကျေးရွာအတွင်း ကာကွယ်ရေးတပ်ဖွဲ့က  နယ်မြေရှင်းလင်းရေးလုပ်ဆောင်နိုင်သည့်အချိန်မှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ 

“ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲကဖြစ်နေတော့ အရင်ရက်တွေက အလောင်းတွေကို လိုက်မကောက်နိုင်ဘူး။ မနေ့ကမှ နယ်မြေရှင်းလင်းရေးလုပ်ရင်း သတ်ဖြတ်ခံရတဲ့ ပြည်သူလေးဦးရဲ့ ရုပ်အလောင်းတွေကို ပြန်တွေ့တာပါ” ဟု  ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။ 

ပုလဲစင်ကျေးရွာအတွင်း ၀င်ရောက်စီးနင်းခဲ့သည့် စစ်ကောင်စိီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ သြဂုတ်လ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ လေးရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ပင်လယ်ဘူးမြို့နယ်အတွင်း  စစ်ကောင်စီစစ်ကြောင်း လှုပ်ရှားမှုမျှမရှိတော့ကြောင်း ဒေသခံများက‌ ပြောသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly