စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် ၁၂ နှစ်အရွယ်မိန်းကလေးငယ် ပေါင်ကို ကျည်စထိမှန်

By ရွှေနွယ်( မဇ္ဈိမ )
18 August 2023
စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် ၁၂ နှစ်အရွယ်မိန်းကလေးငယ် ပေါင်ကို ကျည်စထိမှန်

ပဲခူးတိုင်း ၊ ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်မှ ရမ်းသန်းပစ်ခတ်နေသော လက်နက်ကြီးကြောင့် ယမန်နေ့ ဩဂုတ်လ ၁၇ ရက်နေ့က ၁၂ နှစ်အရွယ် မိန်းကလေးငယ်တဦး(လုံခြုံရေးအရ အမည်မဖော်ပြလို)၏ ပေါင်ကို လက်နက်ကြီးစ ထိမှန်ကာ ပြင်းထန်ဒဏ်ရာရသွားသည်ဟု ကျောက်တံခါးမြို့နယ် မြေပြင်သတင်းရင်းမြစ်မှ မဇ္ဈိမကိုပြောသည်။

ကျောက်တံခါးမြို့နယ် အောင်မြင်မြို့( တောကျွဲအင်းမြို့) သစ်သျှာဆိပ်ကျေးရွာတွင် နေထိုင်သူ အသက် ၁၂ နှစ်အရွယ်မိန်းကလေးငယ်သည် ၎င်း၏နေအိမ်၌ပင် နေထိုင်နေစဉ် တောကျွဲအင်းအခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲကာ ထိခိုက်ဒဏ်ရာရရှိခြင်း ဖြစ်သည်။

“ပေါင်ချိုင့်ကိုထိသွားတယ်။ ကျောက်တံခါးဆေးရုံကိုပို့ထားရတယ်။ တောကျွဲအင်းက ပြည်သူတွေက ရွာတွေထဲမှာ နေနေကြဆဲပါရှင့်။ အခြားထိခိုက်မှုတွေကတော့ အတည်ပြုနေဆဲပါ” ဟု ကျောက်တံခါးမြို့နယ် မြေပြင်သတင်းရင်းမြစ် အမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

အလားတူ ယမန်နေ့ ညပိုင်းကလည်း စစ်ကောင်စီတပ်မှ ရမ်းသန်းပစ်ခတ်သော လက်နက်ကြီးကျည်သည် ကျောက်တံခါးမြို့နယ် ဖျံတလင်းကျေးရွာအုပ်စုအတွင်း ကျရောက်ပေါက်ကွဲ၍ ပြည်သူနှစ်ဦး(အမည်မသိရှိရသေး) ထိခိုက်ဒဏ်ရာရရှိကာ ကျောက်တံခါးဆေးရုံသို့ပို့ဆောင်ထားရကြောင်းလည်း သိရှိရသည်။

ယနေ့ နံနက်ပိုင်း ၉ နာရီအချိန်ခန့်တွင်လည်း မြို့ပေါ် ဟိန္ဒူဘုရားကျောင်းတွင် အထိုင်ချထားသော စစ်ကောင်စီတပ်မှ တောင်ခင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့်ရမ်းသန်းပစ်ခတ်နေသည်ဟု မြေပြင်သတင်းရင်းမြစ်မှဆိုသည်။

စစ်ကောင်စီတပ်သည် စစ်ရေးတင်းမာနေသည့် ကျောက်တံခါးမြို့နယ်တွင်း မြေပြင်စစ်ကြောင်းထိုးရန် တိုးမပေါက်သောကြောင့် နေရာအနှံ့မှ လက်နက်ကြီးဖြင့် နေ့စဉ်ရမ်းသန်းပစ်ခတ်နေခြင်းဖြစ်သည်ဟု ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှလည်း သိရသည်။

“ရွာထဲဝင်လာတာနဲ့ ထိတဲ့အကောင်အရေအတွက်က များလာတော့ ရွာတွေထဲမဝင်ဘဲ အဝေးကနေ လှမ်းပစ်နေတာပါ” ဟု ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးမှလည်း ပြောသည်။

ကျောက်တံခါးမြို့နယ်တွင်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့များကြား စစ်ရေးတင်းမာလျက်ရှိကာ ပြီးခဲ့သည့် ဇူလိုင်လနှင့် ယခု ဩဂုတ်လဆန်းပိုင်းတွင် ဖြစ်ပွားသောတိုက်ပွဲများ၌ စစ်ကောင်စီတပ်သားသေဆုံးမှုအရေအတွက် များစွာရှိကြောင်းနှင့် လက်နက်ခဲယမ်းအမြောက်အမြားသိမ်းဆည်းရရှိကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

လက်ရှိတွင် တိုက်ပွဲပြင်းထန်ခဲ့သော ကျောက်တံခါးမြို့နယ်အရှေ့ဘက်ကျေးရွာများသို့ စစ်ကောင်စီတပ်မှ မြေပြင်ထိုးစစ်မဖောက်နိုင်ကြောင်းလည်း ကာကွယ်ရေးတပ်ဖွဲ့များ၏ပြောဆိုချက်အရ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly